Skip to main content

မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်-ကူမင်း-ရန်ကုန်ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ

ရန်ကုန် နိုဝင်ဘာ ၅

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံတကာခရီးစဉ်အဖြစ် ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးစဉ်ကို ယနေ့မှစတင်၍ ရက်သတ္တတစ်ပတ်လျှင် သုံးကြိမ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည့် အဆိုပါခရီးစဉ် စတင်ပျံသန်းပြေးဆွဲခြင်း အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

ရန်ကုန် - ကူမင်း - ရန်ကုန်ခရီးစဉ် စတင်ပျံသန်းပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို မြန်မာအမျိုးသားလေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်၊ မြန်မာအမျိုးသား လေကြောင်းအမှုဆောင်အရာရှိချုပ် ကပ္ပတိန်ခုပ်ခန့်မုံနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

“အခု စတင်ပြေးဆွဲတဲ့ ရန်ကုန် - ကူမင်း- ရန်ကုန်ခရီးစဉ်မှာ လူရော၊ ကုန်ပစ္စည်းပါ နှစ်မျိုးစလုံး သယ်ယူပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာ နိုင်ငံတကာခရီးစဉ်တွေအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ချင်းမိုင်၊ မန်စီနဲ့ အခုကူမင်းတို့ကို ပြေးဆွဲပေးလျက်ရှိပါတယ်။ လက်ရှိမှာ နိုင်ငံခြားကို ပျံသန်းနိုင်တဲ့ ဘိုးရင်းလေယာဉ်က နှစ်စင်းပဲရှိလို့ နောက်ထပ်လေယာဉ်တစ်စင်းရဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပိုင်းကျရင် ချန်ဒူး၊ ဒေလီ၊ ကာလကတ္တားတို့ကို တိုးချဲ့ပြေးဆွဲ သွားဖို့ရှိပါတယ်” ဟု မြန်မာအမျိုး သားလေကြောင်းမှ စီးပွားရေး ဌာနမှူး ဦးနိုင်စောလွင်က ပြောသည်။

ရန်ကုန် - ကူမင်း - ရန်ကုန် လေယာဉ်ခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Terminal -1)မှ Boeing 737-800 NG လေယဉ်ဖြင့် တစ်ပတ်လျှင် သုံးကြိမ် (တနင်္လာ၊ သောကြာ၊ တနင်္ဂနွေနေ့တို့တွင်) ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်မှ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ထွက်ခွာ၍ ကူမင်းသို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ကူမင်းမှ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၃ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ လေယာဉ်လက်မှတ်ခအနေဖြင့် အသွားအပြန် အမေရိကန်ဒေါ်လာ ၄၆၄ ဒေါ်လာခန့် ကျသင့်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။

ထို့အပြင် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ရန်ကုန်-ကူမင်း - ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလေကြောင်း ခရီးစဉ် (Cargo Flight) ကို လည်း Boeing 737-400 Freighter လေယာဉ်ဖြင့် နိုဝင်ဘာ ၃ ရက်မှ စတင်၍ နေ့စဉ်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။    အာကာလင်း