ရန်ကုန် နိုဝင်ဘာ ၅
လူထုအခြေပြု ပရဟိတအဖွဲ့က ကြီးမှူးကျင်းပသည့် မိုခါမုန်တိုင်းသင့် ပြန်လည်ထူထောင်ရေးတွင် ကူညီလှူဒါန်းခဲ့ကြသော အလှူရှင်များ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ရန်ပုံငွေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Heart of Rangoon (THOR) ၌ ကျင်းပသည်။
အခမ်းအနားကို ရခိုင်ရိုးရာစည်တော်ယွင်းကာ ဖွင့်လှစ်ပြီး မိုခါမုန်တိုင်းကာလတွင် လှူဒါန်းကူညီထောက်ပံ့မှုတို့ကို ဗီဒီယိုကလစ်ဖြင့်ပြသသည်။ ဆက်လက်၍ လူထုအခြေပြုပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးတွင် လှူဒါန်းထောက်ပံ့ခဲ့ကြသည့် အလှူရှင်များစာရင်းနှင့် လှူဒါန်းခဲ့မှုတို့ကို အသင်းအထွေထွေအတွင်းရေးမှူး ဦးရဲထက်နိုင်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အလှူရှင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးတွင် ပါဝင်ခဲ့ကြသော အသင်းဝင်များအား အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဂုဏ်ပြုဆုများပေးအပ်ပြီး အမှတ်တရဓာတ်ပုံရိုက်ကာ မိုခါမုန်တိုင်း ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ရခိုင်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။