ရန်ကုန် နိုဝင်ဘာ ၅
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် ကုန်သွယ်ရေးရုံးတို့ ပူးပေါင်းကျင်းပသော “ဗမာ - ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃” (Bamar - Vietnam Trade Fair 2023) ကို ရန်ကုန်မြို့ Junction City Promotion Area တွင် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ စည်ကားစွာ ကျင်းပခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ကုန်သည်/ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E. Ly Quoc Tuan က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်ကုန်သွယ်ရေးရုံး တာဝန်ခံ Mr. Nguyen Duong Kien က မိတ်ဆက်အမှာစကားပြောကြားကာ ဦးကျော်ဒေဝ၊ Mr. Nguyen Duong Kien ၊ ကုန်သည်/စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ အိန္ဒိယ-မြန်မာ ကုန်သည်အသင်းဥက္ကဋ္ဌ Mr. Naresh Kumar တို့က ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဗီယက်နမ် လုပ်ငန်းရှင်များက Food and Beverages ၊ Home Appliances and Electrical Devices ၊ Equipment and Materials of Construction, Agriculture and Manufacturing ၊ POS Solutions ၊ Lubricants and Engine Oil ၊ Clothes စသည်တို့ကို ခင်းကျင်းပြသကြပြီး မြန်မာလုပ်ငန်းရှင်များကလည်း Export Quality Product များဖြစ်သော လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ စုံလင်စွာ ခင်းကျင်း ပြသကြသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက်ဆွေးနွေးနိုင်ရန် Business Matching နေရာကိုလည်း စီစဉ်ထားရှိကာ ဗီယက်နမ်ကုန်ပစ္စည်းများ မိတ်ဆက်ခွင့်ရရှိသကဲ့သို့ မြန်မာနိုင်ငံ၏ Made in Myanmar ကုန်ပစ္စည်းများ ပြည်ပစျေးကွက်သို့ ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရရှိခဲ့သည်။
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များအနက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး လုပ်ငန်းရှင်အချင်းချင်းအပြင် ပြည်တွင်း ပြည်ပလုပ်ငန်း ရှင်များနှင့်ပါ ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ ဒေသထွက် ကုန်ပစ္စည်းများကို Value-added ပြုလုပ်၍ နိုင်ငံတကာစျေးကွက်များသို့ ထိုးဖောက်နိုင်စေရန် စသည့်အချက်များလည်း ပါဝင်ခြင်းကြောင့် ယခုကဲ့သို့ ကုန်စည်ပြပွဲများ ကျင်းပရခြင်းဖြစ်သည်။ အသင်းက ဦးဆောင်၍ ၂၀၂၃ ခုနှစ်အတွင်း ကုန်စည်ပြပွဲများ ကျင်းပခြင်းမှာ ယခုအကြိမ်သည် သုံးကြိမ်မြောက်ဖြစ်သည်။ ကုန်စည်ပြပွဲများ ယခုကဲ့သို့ ကျင်းပရခြင်းကြောင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်