Skip to main content

အကျိုးများနှလုံးမွေ့လျော်လှူကထိန်ခင်း

များမကြာမီကာလတွင် သီတင်းကျွတ်လ ကုန်ဆုံးပြီး တန်ဆောင်မုန်းလသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်းသောလဖြစ်သည်။ မိုးလေးလကုန်ဆုံးပြီး ခဝဲပန်းပွင့်ချိန်၊ ကုမုဒြာကြာပန်းပွင့်ချိန် ခြေခင်းလက်ခင်းသာယာပြီး အလွန်လှပရှုချင်ဖွယ်၊ ကြည်နူးဖွယ်၊ နှလုံးမွေ့လျော်ဖွယ်ကောင်းသောကာလဖြစ်သည်။

နှလုံးမွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလ၏ ထင်ရှားသောအမှတ်အသားမှာ လှူကထိန်သဘင်ခင်းခြင်းဖြစ်၏။ ဤလသို့ရောက်သောအခါ မြန်မာနိုင်ငံအရပ်ရပ်၌ ကထိန်ပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ ဤလ၌ ကထိန်ပွဲများ ကျင်းပရခြင်းရင်းမြစ်ကို မဟာဝဂ်ပါဠိတော် ကထိနက္ခန္ဓက၌ လေ့လာနိုင်သည်။ ယခုကာလသည် သီတင်းကျွတ်လပြည့်ကျော် တန်ဆောင်မုန်းလမဝင်သေးသောကာလဖြစ်သော်လည်း တန်ဆောင်မုန်းအမှတ်အသား ကထိန်ပွဲကျင်းပကြသည့်အကြောင်းကို သိရှိထားရန် လိုအပ်မည်ဖြစ်သည်။

အကြောင်းမှာ “မိုးနောက်ဆုံးလ၊ ကထိန်ခင်းရသည့်အချိန်အခါ”ဟူသော စကားစဉ်ရှိသည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ တစ်လတာကာလအတွင်း ခင်းကျင်းရသည့်ပွဲ အစဉ်အလာဖြစ်သည်။ ထို့ကြောင့် တန်ဆောင်မုန်းလ မဝင်သေးသော်လည်း သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်း မြို့တိုင်း၊ ရွာတိုင်း နှစ်စဉ်မပြတ် အားကြိုး မာန်တက် တခမ်းတနားကျင်းပလေ့ရှိသော ပွဲတော်ကြီးဖြစ်၏။ လှူကထိန်ခင်းကျင်းသည့် ပွဲတော်ဆိုသည်မှာ ရဟန်းသံဃာများအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ဆိုလိုသည်။

ကထိန်ခင်းခြင်းသမိုင်းသည်ကား မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတို့သည် ဝါတွင်းသုံးလလွန်၍ ဝါကျွတ်သောအခါ ပဝါရဏာပြုပြီးလျှင် မိုးကြီးသည်းထန်စွာရွာသွန်းရာ ရေစိုရွှဲသော သင်္ကန်းတို့ဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ပင်ပန်းစွာရောက်လာကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန်၏လော”ဟု မေးတော်မူသည်။ ထိုအခါ ရဟန်းတို့က “ကျန်းမာကြပါသည်၊ မျှတကြပါသည်။ အညီအညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါကုန်သည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြပါကုန်သည် မြတ်စွာဘုရား။ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့လာကြရာ သာကေတ၌ ဝါကပ်ကြရပါကုန်၏”ဟု လျှောက်ထားကြသည်။

ထိုရဟန်းတို့သည် အရညကင်ဓူတင်ဆောင်သော တောရရဟန်းများဖြစ်သည်။ မြို့ရွာများ၌မနေ၊ ပိဏ္ဍပါတ်ဓူတင်ဆောင်လျက် ဆွမ်းခံစားသောရဟန်းများ ဖြစ်သည်။ ပို့ဆွမ်းစားသော ရဟန်းများမဟုတ်၊ ပံ့သကူ ဓူတင်ဆောင်လျက် စွန့်ပစ်အဝတ်စုတ်တို့ကို ချုပ်ဆိုးပြီး ဝတ်ရုံကြသော ရဟန်းများဖြစ်သည်။ လူတို့လှူဒါန်းသည့် တောက်ပသော သင်္ကန်းတို့ကို ဝတ်ရုံကြသူများမဟုတ်၊ ပံ့သကူသင်္ကန်းကိုပင် ပိုပိုမိုမိုမထားကြပေ။ သင်းပိုင်၊ ကိုယ်ဝတ်နှင့် ဒုကုဋ်ဟူ၍ သုံးထည်သာဆောင်ကြသည်။ ဤသို့ဖြင့် မိုးကြီးရွာ၍ ရေစိုရွှဲသောသင်္ကန်းတို့ဖြင့် မြတ်စွာဘုရားထံမှောက် ပင်ပန်းစွာ ရောက်လာကြသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဤအကြောင်းတရားစကား ပြောကြားပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့၊ ဝါကျွတ်သောရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏။ ရဟန်းတို့ ကထိန်ခင်းပြီးသောရဟန်းတို့အား ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း၊ တိစီဝရိက် အဓိဋ္ဌာန်တင်သော သင်္ကန်းကိုမယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကိုစားနိုင်ခြင်း၊ အဓိဋ္ဌာန်ဝိပ္ပနာမပြုသောသင်္ကန်းကို အလိုရှိတိုင်းဆောင်နိုင်ခြင်း၊   ထိုကထိန်သင်္ကန်းခင်းသောကျောင်း၌  သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသောရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ကို ရကုန်၏”ဟု မိန့်တော်မူသည်။

မြတ်စွာဘုရားရှင်သည် ဓူတင်ဆောင်သောရဟန်းများ၏ ဆင်းရဲပင်ပန်းကြခြင်းကိုကြည့်ပြီး ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့သည်။ ကထိန်ခင်းစေပြီးလျှင် အကျိုးအာနိသင်ငါးပါးကိုလည်း ပေးသနားတော်မူခဲ့သည်။ ထိုအကျိုးအာနိသင်တို့သည် ရဟန်းတို့ဆောက်တည်ကြကုန်သော ဝိနည်းသိက္ခာပုဒ်တို့နှင့်ဆက်စပ်နေသည်။ ကထိန်ခင်းသော အလှူရှင်များမှာလည်း တူသောအကျိုးကိုဖြစ်စေ၏။ အကျိုးများမှာ သွားလေရာအရပ်၌ အနှောင့်အယှက်မရှိ ဘေးကင်းခြင်း၊ ကိုယ်ပိုင် ပစ္စည်းများကို  ရန်သူမဖျက်ဆီးနိုင်ခြင်း၊  စားကောင်းသောက်ဖွယ်ပေါများပြီး ဘေးမဖြစ်၊ အဆိပ်မသင့်ခြင်း၊ မိမိပိုင်ပစ္စည်းများကို မေ့လျော့သော်လည်း မဆုံးရှုံးနိုင်ခြင်း၊ ဥစ္စာများ သူတကာထက်ထူးပြီး ရရှိပိုင်ဆိုင်ခြင်း၊ ချောမောလှပခြင်းစသည့် အကျိုးများ ရရှိနိုင်သည်။

သို့ဖြစ်ရာ နှလုံးမွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလတွင် မြတ်စွာဘုရားရှင် ကရုဏာတော်ဖြင့် ခွင့်ပြုတော်မူသည့် ကထိန်အလှူသဘင်ပွဲတော် ကျင်းပ၍ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းရသည့်ကောင်းမှုကြောင့် တူသောအကျိုးများ ရရှိခံစားနိုင်ပါကြောင်း။            ။