နေပြည်တော် နိုဝင်ဘာ ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးနှင့် အေးသာယာရှိ ကယ်ဆယ်ရေးပစ္စည်း သိုလှောင် ရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံများ ရေရှည်အသုံးပြုနိုင်ရေး စည်းကမ်းတကျအသုံးပြုရေး၊ ကယ်ဆယ်ရေးပစ္စည်းများကို ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်းထားရှိရေး၊မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများာ မဖြစ်ပေါ်စေရေး၊ ဘေးသင့်သူများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလျှင်အမြန်ထောက်ပံ့နိုင်ရေး၊ ဘေးသင့်သူများ၏ လတ်တလောသက်သာချောင်ချိရေးအတွက် ရည်ရွယ်ထားရှိ ဆောင်ရွက်နေသည်ဖြစ်ရာ မိမိတို့ဝန်ကြီးဌာန၏ရည်မှန်းချက် ပေါက်မြောက်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမူလတန်းကြိုကျောင်းနှင့် အောင်ပန်းမူလတန်းကြိုကျောင်းများသို့သွားရောက်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး၊ဆရာမများနှင့် တွေ့ဆုံ၍ ကလေးများဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်ကြားပေးရာတွင် ငယ်စဉ်ကတည်းက အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ချင်းစာနာစိတ်များရှိပြီး အကျင့်စာရိတ္တကောင်းသူများဖြစ်လာစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု အလေ့အကျင့်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ သို့မှသာ ဗလ(၅)တန်နှင့်ပြည့်စုံသော အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာမှာဖြစ်ကြောင်းမှာကြားပြီး ကလေးများအတွက် ထောက်ပံ့ငွေနှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။
