နေပြည်တော် ဩဂုတ် ၂၅
နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေ ကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘရာဇီးမှ တစ်ဦး၊ ဆွစ်ဇာလန်မှ နှစ်ဦး၊ အင်ဒိုနီးရှားမှ သုံးဦး၊ ကနေဒါမှ သုံးဦး၊ ဗြိတိန်မှ နှစ်ဦး၊ အီတလီမှ သုံးဦး၊ ဂျာမနီမှ နှစ်ဦး၊ ဂျပန်မှ လေးဦး၊ ဘယ်လ်ဂျီယံမှ ငါးဦး၊ အီဂျစ်မှ သုံးဦး၊ အမေရိကန်ပြည်ထောင်စုမှ ၂၄ ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၃၁ ဦး၊ သင်္ဘောသား ၂၁ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၄ ဦး လိုက်ပါလာခဲ့ ကြောင်း သိရသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ကိုရီးယားသမ္မတနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် (၁၉) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်