Skip to main content

မြန်မာ - ကိုရီးယား ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃

မြန်မာ-ကိုရီးယား ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် Korea K-Pop အနုပညာနှစ်ခြိုက်သူများ ကြည့်ရှုနားဆင်နိုင်ရန်အတွက် Myanmar-Korea Musical Show ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကားက Friday Night Live Show အဖြစ် ယနေ့ည ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio(A)မှ တိုက်ရိုက်(Live)ရိုက်ကူးထုတ်လွှင့်ခဲ့ရာ ပြည်သူများ တစ်ခဲနက်ကြည့်ရှုအားပေးကြသည်။

ကြည့်ရှုအားပေး

ယနေ့ဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အနုပညာရှင်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ကိုရီးယားနိုင်ငံ K-Pop အဖွဲ့မှ အမျိုးသားအနုပညာရှင် Moon Georntaka Haro၊ အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် Nam Young Jocx ၊ အမျိုးသမီးအနုပညာရှင် Henny၊ Jeong Deul le နှင့် Rejen တို့က နိုင်ငံတကာတွင် ကျော်ကြားသည့် K-Pop Dance အကများ၊ ကိုရီးယားကျေးလက်တေးဂီတ Trot၊ Ballade ဂန္ထဝင်တေးသီချင်းများနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များဖြစ်သည့် မီးနိုနှင့်ယွန်းတို့က တေးသီချင်းနှစ်ပုဒ်စီဖြင့် နောက်ခံအကအဖွဲ့နှင့်အတူ မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ မြန်မာ-ကိုရီးယား အနုပညာရှင်ရှစ်ဦးတို့စုပေါင်း၍ “သင်္ကြန်မိုး” သီချင်းဖြင့်သီဆိုဖျော်ဖြေကြရာ လာရောက်ကြည့်ရှုအားပေးကြသည့် ပရိသတ်များက လက်ခုပ်သံများနှင့် အားပေးသံတို့မှာ မြန်မာ့အသံစတူဒီယိုခန်းမအတွင်း ပျံ့လွင့်ခဲ့သည်။

ပေးအပ်ချီးမြှင့်

ထို့နောက် သီဆိုဖျော်ဖြေခဲ့ကြသည့် မြန်မာ-ကိုရီးယားအနုပညာရှင်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကိုယ်စား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဂုဏ်ပြုပန်းခြင်း၊ မှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကိုရီးယားအဖွဲ့ကလည်း အမှတ်တရလက်ဆောင်အား ပြန်လည်ပေးအပ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိ၍ အပတ်စဉ် သောကြာနေ့တိုင်းတွင် Friday Night Live Show တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ရိုက်ကူးတင်ဆက်လျက်ရှိရာ ယခုသီတင်းပတ်တွင် တင်ဆက်ခဲ့သည့်ဖျော်ဖြေမှုကို နိုဝင်ဘာ ၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း ပြန်လည်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ၊ မောင်သီဟ(သတင်းစဉ်)

ဓာတ်ပုံ-ဇော်မင်းလတ်