Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်အတွင်းရှိ သစ်ခွလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မြောက်ဘက်ဘုရားပွဲဆောင်ရွက်မည့် ကွင်းမြေနေရာ၌ မြေညှိ၊ မြေဖြန့်ခြင်းလုပ်ငန်းဆောင်ရွက်ထားမှု၊ ဘုရားဖူးလာရောက်သည့် ပြည်သူများအဆင်ပြေစေရန် ယာဉ်ရပ်နားကွင်းတည်ဆောက်ရန်နေရာနှင့် ပန်းအရောင်းဆိုင်၊ စားသောက်ဆိုင်၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ တည်ဆောက်ရန် လျာထားမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရာဇသင်္ဂဟလမ်းမကြီးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်နိုင်သောလမ်းဖြစ်သည့် ရွှေကြာပင်လမ်းနှင့် သစ်ခွလမ်းတို့၏ လမ်းဘေးဝဲ/ယာ၌ မြက်ချုံများရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်ရှိ ရာဇသင်္ဂဟလမ်းမကြီးနှင့် ဧရာဝတီလမ်းထောင့်၌ သန့်ရှင်းသာယာလှပရေးအတွက် ကျောက်စီရေမြောင်းနှင့် ရေဆင်းမြောင်းများဆောင်ရွက်ထားရှိမှု၊ အလှမြက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်