နေပြည်တော် နိုဝင်ဘာ ၃
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ နေပြည်တော်တွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သွားနှင့်ခံတွင်းဆေးပညာနယ်ပယ်မှ ပြည်တွင်းပြည်ပပညာရှင်များ၊ ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနား ပထမပိုင်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုးတို့က ညီလာခံဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို Banquet Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အဖွင့်အမှာစကားပြောကြားရာတွင် -
ယခင်ကသွားဘက်ဆိုင်ရာညီလာခံကို အသင်းအဖွဲ့များအနေဖြင့် ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလမှစ၍ ညီလာခံကို ကျင်းပနိုင်ခြင်းမရှိဘဲ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)ကို ကျင်းပပြုလုပ်နိုင်သည့်အတွက် အထူးပင်နှစ်ထောင်းအားရရှိကြောင်း၊
ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးနေပြီး ခံတွင်းကင်ဆာရောဂါများကိုလည်း အထူးကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေးနေကြောင်း ဂုဏ်ယူဖွယ်သိရှိရ၍ လူနာများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဘက်မှလည်း တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက်များကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုင်းရင်းသားများရှိရာဒေသများသို့ သွားရောက်ဆောင်ရွက်ခဲ့ခြင်းများနှင့်ပတ်သက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည့်အခြေအနေ၊ ကိုယ်ဝန်ဆောင်မိခင်မှစတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေအရွယ်၊ ပျိုရွယ်သူအရွယ်စသည့် အရွယ်ရောက်ပြီးချိန်မှစတင်၍ သက်ကြီးရွယ်အိုအရွယ်အထိ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သွားဘက်ဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌက ညီလာခံနှင့်ပတ်သက်၍လည်းကောင်း သွားနှင့်ခံတွင်းဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့်ပတ်သက်၍လည်းကောင်း တင်ပြပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ(၂၀၂၃)တွင် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
နေ့လယ်ပိုင်းတွင် ညီလာခံပညာရပ်ဆိုင်ရာဆွေးနွေးပွဲ (Academic Session)များ၏ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက်ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ပြီး စာတမ်းရှင်များကို ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။