နေပြည်တော် နိုဝင်ဘာ ၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိကျင်းပသည့် “အာဆီယံ-တရုတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃” အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တရုတ်နိုင်ငံမှ အာဆီယံသံအမတ်များနှင့် ကောင်စစ်ဝန်များ၊ China-ASEAN Center မှ ခေါင်းဆောင်များ၊ တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လာမှု၊ ပထဝီအနေအထားပြောင်းလဲလာမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော စက်မှုလှိုင်းလုံးများ၏ အဓိကပဲ့ကိုင်ရှင်များမှာ လူ့စွမ်းအားအရင်းအမြစ်များသာဖြစ်ကြောင်း။
မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် ဒေသတွင်းနိုင်ငံများနှင့်အညီ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏မူဝါဒထိန်းကျောင်းမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်အဖွဲ့အစည်းများအပါအဝင် လုပ်ငန်းရှင်များ၏ အရည်အသွေးများဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားအဖွဲ့အစည်းများအပါအဝင် မြန်မာလုပ်သားထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် လိုအပ်သည့် လုပ်သားစျေးကွက်အခြေပြု လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခေတ်ကာလနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်၏လုပ်ငန်းစဉ်များ၊ မူဝါဒများ အကောင်အထည်ဖော်ရန်နှင့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန်အတွက် ဝန်ကြီးဌာနက ချမှတ်ထားသည့် မျှော်မှန်းချက်မှာ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချနိုင်ရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း၏ အရေးပါသောအခန်းကဏ္ဍကို မြန်မာအစိုးရအနေဖြင့် အသိအမှတ်ပြုဆောင်ရွက်လျက်ရှိကြောင်း။
တရုတ်နိုင်ငံက လက်ရှိဆောင်ရွက်နေသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမူဝါဒများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူဝါဒများနှင့်တူညီကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်မွေးပညာနှင့်နည်းပညာ လေ့ကျင့်သင်ကြားမှု၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးမှုနှင့် နိုင်ငံအလိုက် အမျိုးသားအရည်အသွေးမူဘောင်သတ်မှတ်မှုကဏ္ဍများ တူညီမှုရှိကြောင်း။
ဖိုရမ်အခမ်းအနားတက်ရောက်ခြင်းဖြင့် ရရှိလာသည့် အချက်အလက်များကိုမူတည်ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများအကြား လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုနည်းစနစ်နှင့်ပတ်သက်သော အတွေ့အကြုံနှင့်နည်းပညာများဖလှယ်ခြင်း၊ လေ့ကျင့်ရေးနည်းပြများ အရည်အသွေးပြည့်ဝစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးခြင်းစီမံကိန်းများကို တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ရေရှည်လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပြည်သူများအကြား ကာလကြာရှည် ဆွေမျိုး ပေါက်ဖော်ရင်းနှီးချစ်ကြည်မှုရှိသည့် နိုင်ငံများဖြစ်ကြပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံဖြစ်သည့်အတွက် အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် Howard Johnson Hotel အစည်းအဝေးခန်းမ၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး Mrs. Baykham Kha Hiya ဦးဆောင်သော အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနှင့်လာအိုနိုင်ငံသား အလုပ်သမားများအကြား နှစ်နိုင်ငံတည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများ တရားဝင်ရရှိစေရေး၊ အလုပ်သမား အဝင်/အထွက်စည်းကြပ်နိုင်ရေး နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်ချက်များနှင့်အညီ အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါဖိုရမ်တွင်ပါဝင်သည့် အဓိကဖိုရမ်(၁)ခု၊ ဖိုရမ်ခွဲ (၃)၊ ပြပွဲ(၅)ခုနှင့် အလုပ်အကိုင်ပြပွဲ(၁)ခုတို့တွင် တက်ရောက်လေ့လာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)