နေပြည်တော် နိုဝင်ဘာ ၃
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အိုင်စီတီအသုံးပြု၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် e-Government ဆိုင်ရာလုပ်ငန်းများတွင် ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်များမှ ကြိုတင်ကာကွယ်ရန်၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာများပြည့်ဝစေရန်နှင့် ဟက်ကာများ၏ တိုက်ခိုက်မှုနည်းလမ်းများနှင့် တိုက်ခိုက်ခြင်းများမှ ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး က အမှာစကားပြောကြားပြီး United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့် Network Engineer ဦးကျော်ဇင်ဦး တို့က မိတ်ဆက်အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့် Network Engineer ဦးကျော်ဇင်ဦးတို့က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာအကြောင်းအရာများ၊ ဟက်ကာများ၏ တိုက်ခိုက်မှုနည်းလမ်းများနှင့် တိုက်ခိုက်ခြင်းများမှ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ အိုင်စီတီ e-Government ဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြရာ ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို တက်ရောက်လာကြသူများက အသီးသီး ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)ရှိ ဌာနခွဲအသီးသီးမှ အရာထမ်း/ အမှုထမ်း ၃၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။