Skip to main content

စပျစ်စိုက်ပျိုးခြင်းဖြင့် တောင်သူစီးပွား၊ ဒေသစီးပွား တိုးပွားစေမည်

တစ်ကြိမ်စိုက်ပျိုးပြီး စနစ်တကျပြုစုကာ နှစ်စဉ်ဝင်ငွေရရှိနိုင်သည့်အတွက် စပျစ်စိုက်ပျိုးခြင်းကို တောင်သူအများ စိတ်ဝင်စားလာကြသည်။ စပျစ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ ဝင်ငွေရရှိသကဲ့သို့ ခြံလုပ်သားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သည်။ နိုင်ငံအတွင်း စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သော စပျစ်ဝိုင်အဖြစ်ပါ ရည်မှန်းထုတ်လုပ်လာကြသည်။

စပျစ်စိုက်ပျိုးခြင်းသည် စိုက်ပျိုးတောင်သူဝင်ငွေ တိုးတက်ရရှိနိုင်သည့် စိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့်အတွက် ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးမှုများပြားလာသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းဒေသ၌ စပျစ်စိုက် ဧက ၄၀၀၀ ကျော် စိုက်ပျိုးထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ထိုသို့ ဒေသခံတောင်သူများ အကျိုးများစေသော စပျစ်စိုက်ပျိုးခြင်းသည် ဒေသစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုလျက်ရှိသည့်အပြင် ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသောကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဖော်ဆောင်နေသည့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသောအစီအစဉ်နှင့် ကိုက်ညီနေသည်။

သို့ဖြစ်ရာ စပျစ်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရမည်းသင်းမြို့နယ်မှ စပျစ်စိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးချစ်ပီးနှင့် သွားရောက်မေးမြန်းခဲ့သည်များကို တင်ပြအပ်ပါသည်-

မေး ။  ။ ဒီဒေသမှာ စပျစ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာတယ်လို့ သိရှိရတဲ့အတွက် ဒေသရဲ့ စပျစ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှုနဲ့ပတ်သက်ပြီး သိရှိပါရစေ။

ဖြေ ။   ။ ကျွန်တော်တို့ ရမည်းသင်းမြို့နယ် ရွာတန်းဒေသတစ်ဝိုက်မှာ စပျစ်စိုက် ဧက ၄၀၀၀ ကျော်လောက်ရှိပါတယ်။ စိုက်ပျိုးတဲ့ စပျစ်မျိုးက ခုနစ်မျိုးလောက်ရှိပါတယ်။ အဓိက ကတော့ စိုက်ပျိုးတောင်သူအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဈေးကွက်မှာဝယ်လိုအားကောင်းတဲ့မျိုးတွေကို စိုက်ကြတာဖြစ်ပါတယ်။ စိုက်ပျိုးရာသီက နှစ်စဉ်တစ်လပိုင်းကနေ ငါးလပိုင်းအထိဖြစ်ပြီး ကျွန်တော်တို့ဒေသက ပျမ်းမျှစပျစ်သီးတန်ချိန် ၂၈၀၀၀ ကနေ ၃၀၀၀၀ ကျော်အထိ ထွက်ရှိပါတယ်။

မေး ။  ။ စိုက်ပျိုးထွက်ရှိတဲ့ စပျစ်တွေကို ဘယ်လိုရောင်းချပါသလဲ။

ဖြေ ။ ။ အခုကတော့ ဒေသထွက်စပျစ်သီးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ မြို့နယ်အားလုံးကို ကုန်သည်တွေကတစ်ဆင့် ရောင်းချပါတယ်။ ကျွန်တော်တို့ဒေသတောင်သူတွေအတွက် ဝင်ငွေတိုးပွားစေတဲ့သီးနှံတစ်ခုပါ။ ကျွန်တော်တို့ ဒေသရည်မှန်းချက်ကတော့ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်တဲ့အထိ ရည်မှန်းထားပါတယ်။ အခုနောက်ပိုင်း စပျစ်စိုက်ပျိုးရာမှာ စပျစ်စိုက်တောင်သူတွေအနေနဲ့ ဓာတုဆေးဝါးသုံးစွဲမှု လျှော့ချသုံးစွဲရေးဘက်ကို သွားနေကြပါပြီ။

မေး ။  ။ စပျစ်ကို တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့ စပျစ်ဝိုင်အဖြစ် ဒေသမှာထုတ်လုပ်နေပြီလား။ ထုတ်လုပ်နေပြီဆိုရင် စပျစ်ဝိုင်အဖြစ် ထုတ်လုပ်မှုအခြေအနေကို သိပါရစေ။

ဖြေ ။ ။ စပျစ်ကနေ စပျစ်ဝိုင်အဖြစ် တန်ဖိုးမြင့် ထုတ်ကုန်အနေနဲ့ ထုတ်လုပ်ရောင်းချနိုင်အောင် စမ်းသပ်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ အောင်မြင်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဝိုင်လုပ်တဲ့စပျစ်မျိုးလေးမျိုး စိုက်ပျိုးထုတ်လုပ်နေပါတယ်။ စနစ်တကျခေတ်မီနည်းပညာတွေနဲ့ အရည်အသွေးကောင်းအောင် လုပ်နိုင်လာကြပါပြီ။

မေး ။  ။ နိုင်ငံတော်ကနေ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေ ဆောင်ရွက်ပေးနေတာလည်း ရှိပါတယ်။ ဒီကနေ စပျစ်စိုက်ပျိုးရေးအတွက် ငွေကြေးဖြစ်စေ၊ နည်းပညာဖြစ်စေ အထောက်အပံ့ ရရှိတာတွေရှိရင်လည်း ပြောပြပေးပါ။

ဖြေ ။  ။ ရှိပါတယ်။ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနကနေ ကျွန်တော်တို့ဒေသက ကျေးလက်နေပြည်သူတွေ ဝင်ငွေတိုးပွားစေဖို့ သင်တန်းတွေကို ဖွင့်လှစ်ပေးပါတယ်။ ဝိုင်ပြုလုပ်နည်းတွေကို စာတွေ့လက်တွေ့သင်ကြားပေးပါတယ်။ စပျစ်စိုက်တောင်သူတချို့ဆိုရင် GAP လက်မှတ်တွေ ရရှိနေကြပြီဖြစ်ပါတယ်။

ဒီနှစ်မှာ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှာရှိတဲ့ စပျစ်စိုက်တောင်သူတွေကို တစ်ဧက ငါးသိန်းနှုန်းနဲ့ စပျစ်စိုက်တောင်သူ ၂၂၃ ဦး၊ စပျစ်စိုက်ဧက ၅၀၆ ဒသမ ၅ ဧကအတွက် အတိုးနှုန်း သက်သာတဲ့ချေးငွေကို တစ်နှစ်ချေးပေးခဲ့ပါတယ်။ တောင်သူတွေ စိုက်ပျိုးရေးအတွက် အထောက် အကူအများကြီးရပါတယ်။

မေး ။  ။ ဟုတ်ကဲ့ပါ။ စပျစ်စိုက်ပျိုးသူတောင်သူတွေကို မျှဝေလိုတာရှိရင်လည်း ပြောပြပေးပါရှင့်။

ဖြေ ။ ။ စပျစ်စိုက်ပျိုးတာဟာ စိုက်ပျိုးသူတောင်သူတွေ ဝင်ငွေတိုးတက်ရရှိတဲ့အပြင် ခြံလုပ်သားအလုပ်အကိုင်အခွင့်အလမ်း အများကြီးကိုလည်း ဖော်ဆောင်ပေးနိုင်ပါတယ်။ စပျစ်စိုက်တောင်သူတွေအနေနဲ့ စပျစ်သီးတွေကို တန်ဖိုးမြင့်ထုတ်ကုန် ဝိုင်အဖြစ်ပါ ထုတ်လုပ်လာနိုင်တဲ့အတွက် အခွင့်အလမ်းတွေ ရရှိဦးမှာပါ။

ဒီအတွက် နိုင်ငံတော်ကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ပံ့ပိုးမှုပေးတာကိုလည်း ရရှိနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် စိုက်သူဝင်ငွေ တိုးပွားစေရုံသာမက ဒေသစီးပွားအကျိုးများအောင်လည်း အထောက်အပံ့ပေးနိုင်တာ အမှန်ပဲဆိုတာကို ပြောပြလိုပါတယ်။     ။

တွေ့ဆုံမေးမြန်း- သိမ့်သိမ့်မျိုး၊

ဓာတ်ပုံ- ဇော်ဝင်းအောင်(ရမည်းသင်းခရိုင်၊ ပြန်/ဆက်)