ရန်ကုန် နိုဝင်ဘာ ၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ရှင်းလင်းပြသ
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို အောင်ဆန်းအားကစားပြိုင်ဝင်း၏ လက်ရှိအခြေအနေကို ရှင်းလင်းပြသသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းကြောင်းအကျဉ်း၊ လက်ရှိအခြေအနေနှင့် အသစ်ပြုပြင်တည်ဆောက်ရန်အတွက် လျာထားချက်များ၊ တရုတ်နိုင်ငံမှ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပြန်လည်တည်ဆောက်သွားလို
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အောင်ဆန်းအားကစား ပြိုင်ဝင်းအသစ်ပြန်လည်တည်ဆောက်ရန် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ အကောင်းဆုံး ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုတည်ဆောက်ထားသည့် အောင်ဆန်းအားကစားပြိုင်ဝင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက် သွားလိုကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်သည့်အတွက် အောင်မြင်စွာပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့သွားရောက်၍ အမျိုးသားရေကူးကန်နှင့် ပရိသတ် ၄၀၅ ဦးဝင်ဆံ့သည့် အာရ်စီနှစ်ထပ်ပွဲကြည့်စင် အသစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီးဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်