နေပြည်တော် နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်း ဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့နယ် ဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ကိုကိုးကျွန်းမြို့ရှိ ပြည်သူ့ဆေးရုံတွင်အခြေပြု၍ ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူ ၃၅၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၃ ဦး၊ ခွဲစိတ်ရောဂါ ၂၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၄၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀၊ မျက်စိရောဂါ ၁၀၂ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၀ တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ မြို့နယ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် ညောင်တုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် သာသနာ့လင်္ကာရ ကျောင်းကြီးကျောင်းတိုက်၊ ကုဏ္ဍလာရာမ သာသနာ့ဗိမာန်တော်တွင် အခြေပြု၍ ညောင်တုန်းမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၃၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၅၂ ဦး၊ ခွဲစိတ်ရောဂါ ၇၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၀ ဦး၊ ကလေး ရောဂါ ၂၄ ဦး၊ အရိုးရောဂါ ၁၀၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၀၉ ဦးနှင့် သွားရောဂါ ၂၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ သုံးဦး၊ မျက်စိခွဲစိတ်လူနာ ငါးဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ ၅၀၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ရှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူလေးဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့မှ ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုကြားသိခဲ့ရသည်။
ဒေါ်ဝင်းဝင်းအေး ဒေသခံပြည်သူ (ကိုကိုးကျွန်း)
ဒီရောဂါဖြစ်တာ တစ်နှစ်ကျော် လောက်ရှိသွားပါပြီ။ ဒါပေမယ့်ဒီမှာဆေးဝါးတွေလည်း ကုသဖို့ အဆင်မပြေတာကြောင့် ကျွန်မဒီရောဂါကို မကုသရတာပါ။ ဒါပေမယ့် အခုကျတော့ ကျွန်မဘယ်လောက်ပဲ အလုပ်တွေများများ အတတ်နိုင်ဆုံးလာပြီးကုသတယ်။ အခုလို လာရောက်ကုပေးတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေလည်း ဒီမှာလာကုသနိုင်ပါတယ်။ ဆရာဝန်ကြီးတွေ၊ ဗိုလ်ကြီးတွေရဲ့ ကုသမှုကလည်း တော်တော်အဆင် ပြေပါတယ်။ ရေခြားမြေခြားကို သင်္ဘောနဲ့လာပြီး ကုသပေးတဲ့အတွက်ကြောင့် အရာရှိကြီးတွေရော၊ ကုသပေးတဲ့ ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေရော အားလုံး ကို ကိုကိုးကျွန်းမြို့ရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ နောက်တစ်ကြိမ် နောက်တစ်ခါလည်း လာနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ဦးအောင်ကျော်နိုင် ကျောက်တိုင်ကျေးရွာ၊ ညောင်တုန်းမြို့
ကျွန်တော်က မျက်စိလာပြတာပါ။ လာပြတဲ့အခါမှာ ခွဲရမယ်လို့ပြောတယ်။ ကျွန်တော်လည်း ခွဲရမယ်လို့တော့ မထင်ဘူးပေါ့။ နယ်လှည့်ဆေးကုသင်္ဘောက ကြုံခဲပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း ခွဲရမယ့်ကိစ္စကို ခွဲမယ်လို့ပဲ ပြောလိုက်ပါတယ်။ ဒီမနက်မှာတော့ ကျွန်တော် ခွဲပြီးသွားပြီပေါ့နော်။ ခွဲစိတ်ပေးတဲ့ ပါရဂူတွေကလည်း စကားပြောတာကအစ အကုန်လုံး ကျွန်တော်တို့အပေါ် မထင်မှတ်ထားလောက်အောင် ပြုစုယုယပြီးတော့ လုပ်ကိုင်ပေးတဲ့အတွက် ကျွန်တော်တို့က အင်မတန်မှ ကျေးဇူးတင်ပါတယ်။
လူနာအပေါ်မှာ လိုလေသေးမရှိအောင်၊ စိတ်ဆိုလည်း စိတ်အလျောက်၊ ကျန်းမာရေးလည်း ကျန်းမာရေးအလျောက် ကျွန်တော်တို့ကို စိတ်အား ဖြည့်ပေးတာတွေ အများကြီးတွေ့ရပါတယ်။ တခြားမှာ သွားကုမယ်ဆိုရင် မျက်စိတစ်ဖက် ကုရမယ်ဆိုရင်တောင် လေးငါးခြောက်သိန်း ခုနစ်သိန်း ကုန်ကျတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်လည်း သိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တစ်ပြားမှမကုန်ဘဲ မျက်စိကိုကောင်းကောင်းမွန်မွန် ခွဲစိတ်ပြီးတော့ အလင်းရောင်ရအောင် လုပ်ပေးတာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။
သတင်းစဉ်
