Skip to main content

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂

နေပြည်တော်ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု၊ ဆောင်တောင်ကြီးကျေးရွာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ရောက်ရှိနေသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ဆောင်တောင်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို စားသောက်ဖွယ်ရာများဝေမျှ၍ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာပေသင်ကြားသင်ယူနေမှု အခြေအနေကိုမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့သည် ကျေးရွာအဝင်လမ်းနှင့် ရွာလယ်လမ်းမအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးစီးသည့်အဖွဲ့သည် ဆောင်တောင်ကြီးကျေးရွာ ရွာဦးကျောင်း၌ ဆောင်တောင်ကြီးကျေးရွာ၊ ပြဒါးချောင်းကျေးရွာ၊ မြသီတာကျေးရွာနှင့် ပြည်ရတနာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ပူးပေါင်းဆောင်ရွက်ရန်လို

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မြေပြန့်နှင့်တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားစေရေးအတွက် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ တောင်ပေါ်ကျေးရွာ အုပ်စု(၇)အုပ်စုအတွင်းရှိ ကျေးရွာများကိုကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပွင့်လင်းစွာတင်ပြကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆောင်တောင်ကြီး ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများနှင့် ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲ တာဝန်ခံများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

ယင်းနောက် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ဆောင်တောင်ကြီးကျေးရွာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ဦးအောင်မင်းသူက ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာဦးကျောင်း ဆရာတော် ဥူးကေသရအား ဖူးမြော်ကြည်ညိုပြီး စားသောက်ကုန်ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် နေပြည်တော်ကုသရေးဦးစီးဌာန၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးလက်နေ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆောင်တောင်ကြီးကျေးရွာ ရွာလယ်လမ်းအား ကွန်ကရစ်လမ်းခင်းပေးရန် တိုင်းတာခြင်းများ ဆောင်ရွက်ကြပြီး ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

သတင်းစဉ်