Skip to main content

နေပြည်တော်၌ (၃၁) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီး၍ (၃၁) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁ ရက်ကကျင်းပသည်။

ဖိုရမ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အမှာစကားပြောကြားပြီး ဖိုရမ်သို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဆောင်ရွက်နေသောဌာနများ၊ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၅၀ ခန့် တက်ရောက်သည်။

ဖိုရမ်တွင် ယခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များကို တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေး မိုးလေဝသအခြေအနေနှင့် လာမည့်ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်နိုင်မည့် အယ်လ်နီညိုအခြေအနေနှင့် ခန့်မှန်းချက်များကို တင်ပြခြင်း၊ ရာသီအလိုက် ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်း၊ လာမည့်ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကိုအသုံးပြု၍ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို အသေးစိတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သတင်းစဉ်