နေပြည်တော် နိုဝင်ဘာ ၂
နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ နားခိုလျက်ရှိကြသော တပ်မတော်သား အငြိမ်းစားများနှင့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) နှင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁၅ သန်းကို သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) က တပ်မတော်သားဖြစ်ခဲ့သူတစ်ဦးအနေဖြင့် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများအား ယခုကဲ့သို့ စောင့်ရှောက်နေသည့် မွန်မြတ်လှသော ပရဟိတလုပ်ငန်းကြီး ဖြစ်တည်လာရခြင်းကို အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် စွန့်လွှတ်စွန့်စားသူများ၏ကွန်းခိုရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၏ အဓွန့်ရှည်တည်မြဲရေးအတွက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် သိန်းထွန်း (အငြိမ်း စား) ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်