နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးဟုဆိုသည်နှင့် ရှေ့တန်းရောက်ပြဿနာ ဖြစ်နေသည့် ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီး နိုင်ရေး စသည်ဖြင့် ဖြေရှင်းစရာ စိန်ခေါ်မှု အများအပြား ရှိနေပါသည်။ အလုပ်အကိုင် အခွင့်အလမ်းဆိုရာ ၌လည်း အလုပ်သမားတို့၏လုပ်ခလစာ သင့်တင့်မျှတပါ၏လော၊ အလုပ်သမားတို့ နေ့စဉ်ဘဝများ ပြေလည် ပါ၏လော၊ မိသားစု ရေရှည်ဘ၀အာမခံချက် ရှိပါ၏လော ဆိုသည်တို့ကိုလည်း ဆန်းစစ်ကြရပါသည်။
“ပမာအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရေးတွင် ဆောက်လုပ်ရေးလုပ်ငန်း များ၏ အခန်းကဏ္ဍက အထူးအရေးပါသည်ဟုဆိုသော် ရနိုင်ပါ၏။ သို့သော်လည်း ဖြတ်သန်းခဲ့သည့် ကာလတစ်လျှောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်များပြားသည်နှင့်အပြိုင် ဆောက်လုပ်ရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နေကြသော လက်သမား၊ ပန်းရန်၊ အုတ်သယ်၊ သဲသယ်၊ သံချည်သံကွေး အစရှိသည့် အလုပ်သမားများ၏ လုပ်ခများ မည်မျှတိုးတက်လာ သည်ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ လုပ်ငန်းရှင်တို့၏ ချမ်းသာကြွယ်ဝမှု တိုးတက်လာသည်နှင့် အလုပ်သမားတို့၏ ဘ၀များ တိုးမြင့်လာမှုများက အချိုးကျ ဖြစ်၏။မဖြစ်၏ ဆိုသည် ကလည်း အရေးပါပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှ အခြေခံအလုပ်သမား များ၏ဘဝများ မည်မျှတောက်ပြောင်လာသနည်း။ ၎င်းတို့၏ သားသမီး ကလေးငယ်များ၏ ပညာသင်ကြားရေး၊ ကျန်းမာရေး အစောင့်အရှောက်တို့ကို မည်သို့ အာမခံပေးနေသနည်း စသည် ဖြင့် ငဲ့စောင်းကြည့်သင့်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် များက အခွန် အခလျှော့ပေါ့ရေး ပရောဂျက်များများများဖော်ထုတ် ရေးတို့ကို အားစိုက်နေသည်နှင့်အတူ ဆောက်လုပ်ရေး နယ်ပယ်မှ အခြေခံအလုပ်သမားတို့၏ဘဝအာမခံနိုင်ရေးစနစ်များကိုလည်း စီမံကြရန် လိုပါမည်။
ထို့အတူပင် အခြားသော စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း စသည့် လုပ်ငန်း အသီးသီးတို့ရှိ အခြေခံအလုပ်သမားများအတွက် လုပ်ငန်းရှင်များက လုပ်ခလစာ၊ နေ့စားခ စသည်တို့သာမက မိသားစု၏ ကျန်းမာရေး၊ ပညာရေး အာမခံချက်ရှိစေရေးကို ထည့်သွင်းဆင်ခြင်သင့်ပါသည်။
ယခုအခါ အချို့သော ခေတ်မီသည့် လုပ်ငန်းရှင်များက အလုပ်သမားများ၏ နေရေးထိုင်ရေးအစ သားသမီး တို့၏ ပညာရေး၊ မိသားစုကျန်းမာရေးအာမခံစနစ်များကို ဆောင်ရွက်နေကြ၊ တာဝန်ယူရန် နည်းလမ်းများ ရှာဖွေနေကြဟူသည့် သတင်းများပေါ်ထွက်လာခြင်းမှာ နိုင်ငံတိုးတက်မှု၏ အရေးပါသော လမ်းစများဟု မြင်ပါသည်။
အစိုးရဝန်ထမ်းများဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍမှ ဝန်ထမ်းများဖြစ်စေ၊ လယ်ယာစိုက်ပျိုးရေးနယ်ပယ်မှ လယ် လုပ်သားများ ဖြစ်စေ၊ တပ်မတော်သားများဖြစ်စေ ဘဝရှင်သန်ရေးအတွက် အလုပ်လုပ်နေကြသူများ အားလုံး အတွက် စားဝတ်နေမှုနေရေးထိုင်ရေး၊ သားသမီးများ၏ပညာရေး၊ မိသားစုကျန်းမာရေးစသည့် အာမခံ စနစ်များ ခိုင်မာမှုသည် ဝန်ထမ်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ ဘ၀ခရီးအတွက် အရေးကြီးသော အထောက်အပံ့များ ဖြစ်စေရပါမည်။
ခေတ်မီတိုးတက်သောနိုင်ငံတော် တည်ထောင်သည်ဆိုရာတွင် အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းများသည် ရှေ့ဆုံးတန်းက လက်တွေ့ အကောင်အထည်ဖော်ရသူများ ဖြစ်ပါသည်။
အနှီလူတန်းစားတစ်ရပ်လုံး၏ဘဝများ ပြေလည်ခိုင်မာပါမှ တိုးတက်ရေးယန္တရားတို့ အားရှိခိုင်မာကာ နိုင်ငံတော် အမှန်တကယ် တိုးတက်ဖွံ့ဖြိုးသည်ဟု ဂုဏ်ယူနိုင်မည် ဖြစ်ပါ ကြောင်း။ ။