နေပြည်တော်၊ နိုဝင်ဘာ ၁
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် အတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါများကို ထိရောက်စွာ ကုသမှုပေးခြင်းတို့အပြင် လူမှုဘဝတိုးတက်စေရေးအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာနှင့် မျက်နှာကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (Myanmar Dental Health Science Conference)အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်း အထူးကုဆေးရုံ၊ နေပြည်တော်တို့တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် သွားနှင့်ခံတွင်းအထူးကု ဆေးရုံ၊ နေပြည်တော်သို့ရောက်ရှိပြီး မြန်မာသွားနှင့်ခံတွင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် Korea University Medicine မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပူးပေါင်းကာ ကလေးငယ်များခွဲစိတ်ကုသနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေသော ကလေးလူနာများနှင့် မိဘများအား အားပေးစကားပြောကြားပြီး ကိုရီးယား-မြန်မာ ပူးပေါင်းခွဲစိတ်ကုသမှု ဆောင်ရွက်နေမှုကိုကြည့်ရှုကာ ကိုရီးယားခွဲစိတ်ကုသရေးအဖွဲ့ကို ဂုဏ်ပြု လက်ဆောင်မွန် သစ်သီးခြင်း ပေးအပ်သည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာကွဲ ကလေးလူနာ (၄၀)ကို စမ်းသပ် စစ်ဆေးခဲ့ပြီး ယနေ့တွင် နှုတ်ခမ်းကွဲလူနာ (၁၀)ဦး အာခေါင်ကွဲလူနာ (၂)ဦး စုစုပေါင်း (၁၂)ဦးအား သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် ခွဲစိတ်ပြီးလူနာအားလုံး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်။ နိုဝင်ဘာ ၂ ရက် တွင် နှုတ်ခမ်းကွဲလူနာ (၁၂)ဦး ၊ အာခေါင်ကွဲလူနာ (၁)ဦး၊ မျက်နှာကွဲလူနာ (၁)ဦး စုစုပေါင်း (၁၄) ဦးတို့ကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ Korea University Medicine မှ Professor Deok- Woo Kim ဦးဆောင်သော အဖွဲ့သည် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပမည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (Myanmar Dental Health Science Conference)တွင် စာတမ်းဖတ်ကြားခြင်း၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်များနှင့် အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)