ရန်ကုန် နို၀င်ဘာ ၁
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေး စီမံချက်အရ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ယနေ့တွင် ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ (၃၁)ရက်တွင် တဲလ်အဗီးမှ လေကြောင်းခရီးစဥ် LY083 (ELAL)ဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအမှတ် 8M334 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
မြန်မာနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြားရေး၀န်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနတို့မှ တာ၀န်ရှိသူများ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် မိသားစု၀င်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်အစိုးရ အစီအစဥ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပထမအသုတ်တွင် (၄)ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ယနေ့ ဒုတိယအသုတ်တွင် (၃)ဦး ပြန်လည်ရောက်ရှိကြရာ စုစုပေါင်း (၇) ခုနစ်ဦးရှိပြီ ဖြစ်သည်။
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှ ပြန်လည်ရောက်ရှိလာသော မောင်ယိမ်းတိန် က “ကျွန်တော် အစ္စရေးလ်နိုင်ငံ ရွာတစ်ရွာမှာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်တာ လေးနှစ်နီးပါးရှိပါပြီ၊ ဒီနောက်ပိုင်းမြို့ပေါ် ပြောင်းသွားခဲ့တာပါ၊ မြို့ပေါ်ရောက်တဲ့အခါ အခြေအနေတစ်မျိုးဖြစ်လို့ မြန်မာနိုင်ငံ ပြန်လာတာပါ၊ တိုက်ပွဲတွေဖြစ်ပြီး ရော့ကတ်တွေနဲ့ ပစ်တဲ့အခါ ဗုံးခိုကျင်းတွေမှာ သွားပုန်းရပါတယ်။ ဒီတစ်ခုပါပဲ ကျန်တာက စိုးရိမ်စရာတော့ သိပ်မရှိပါဘူး၊ အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးက ကြေညာစာထုတ်ထားတယ်၊ ဒါကို ဆက်သွယ်ပြီးပြန်လာတာပါ၊ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ထပ်မံ၍ မောင်ခေါင်းဂျယ် က “ကျွန်တော်တို့က တဲလ်အဗီးမြို့မှာ နေပါတယ်၊ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ကျောင်းသွားတက်တာ လေးနှစ်ကျော်ရှိပါပြီ၊ စစ်ဖြစ်တဲ့အချိန် မှာ သံရုံးက ပြန်ချင်နေတဲ့သူတွေကို စီစဉ်ပေးတယ်ဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်ကိုတွေ့ပြီး ချိတ်ဆက်ပြီးပြန်လာတာပါ၊ နိုင်ငံတော်အစိုးရက အစစအရာရာ ဆောင်ရွက်ပေးပါတယ်၊ မြန်မာနိုင်ငံကိုသတိရပြီး ပြန်ချင်နေတဲ့အချိန် အခုလို ဆောင်ရွက်ပေးတာကြောင့် ကျေးဇူး တင်ပါတယ်၊ နောင်လည်း မြန်မာနိုင်ငံသားတွေကို အဖက်ဖက်က ကူညီဆောင်ရွက် ပေးစေချင်ပါတယ်။ အစ္စရေးမှာ ကျန်ရှိနေသူတွေလည်း အခုလိုတိုက်ပွဲတွေ ဖြစ်နေချိန်မှာ ကိုယ်ရဲ့အမိမြေကိုပြန်လာတာ အကောင်းဆုံးဖြစ်ပါတယ်၊ သံရုံးနဲ့ချိတ်ဆက်ပြီး မြန်မာပြည်ကို ပြန်လာခဲ့ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
အလားတူ မထက်ထက်ဝေ က “ကျောင်းသွားတက်တာ သုံးနှစ်ကျော်ပါပြီ၊ သံရုံးပေ့ချ် ကြေညာတာတွေ့ပြီး မေးမြန်းဆက်သွယ်ပြီး ပြန်လာတာပါ၊ သံရုံးက မြန်မာပြည်ရောက်တဲ့အထိ အစစအရာရာ ကူညီပေးပါတယ်။ အကူအညီသွားတောင်းတဲ့အခါ အစစအရာရာ ဆောင်ရွက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
