Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားသမားအိပ်ဆောင်နှင့် ပွဲကြည့်စင်များ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး (၄)ထပ် အားကစားသမားအိပ်ဆောင်နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်း တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစား လေ့ကျင့်ရေးစခန်းဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့် အားကစားသမားများထားရှိမည့် အိပ်ဆောင်၊ လေ့ကျင့်နိုင်မှုအခြေအနေ၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်သစ်တည်ဆောက်နိုင်ရေး အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပရိသတ်(၁၂၀၀)ဆံ့ အရှေ့ဘက်ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားရုံကြမ်းခင်း ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားပြိုင်ပွဲများ စနစ်တကျကျင်းပနိုင်ရေး၊ ရန်ကုန်တိုင်းအားကစားအသင်းများ စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ပဒေသာအားကစားကွင်းပြေးလမ်း ရေရှည်တည်တံ့အသုံးပြုနိုင်ရေး၊ ဘောလုံးကွင်းကောင်းမွန်စေရေး၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားလေ့ကျင့်ရေးစခန်း အောင်မြင်စွာစည်းကမ်းတကျ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြားခဲ့ပြီးနောက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)