Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်   အောက်တိုဘာ  ၃၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေး     ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ကျောင်းမှချမှတ်ထားသည့် သင်တန်းစည်းကမ်းများကို  ခံယူကျင့်သုံးလိုက်နာ ရန်လိုအပ်ပြီး စာပေကို ဇွဲလုံ့လဝီရိယဖြင့် ကြိုးစားသင်ယူရန်လိုကြောင်းနှင့်   ဘက်စုံထူးချွန်သူများဖြစ်အောင်၊ ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် အမြဲမပြတ်ကြိုးစားလေ့လာသင်ယူရန် လိုပါကြောင်း၊ သင်တန်းပြီးမြောက် အောင်မြင်ပြီး မိမိတာဝန်ကျရာ ဒေသများတွင် တာဝန်ထမ်းဆောင်ရာတွင် အတုယူစရာစံပြအဖြစ် ကိုယ်ကျင့်တရားကောင်းမွန်စေရေးနှင့် အကျင့်စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန် အစဉ်အမြဲကြိုးစား လေ့လာအားထုတ် ကြိုးပမ်းစေလိုကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့ အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင် ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ အားမာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် နေပြည်တော်ကောင်စီ သင်တန်းသားရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများ ရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ငါးသောင်းနှုန်းဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)ဝင်ခွင့်ရ  ကျောင်းသူငါးဦးကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့ကိုလည်းကောင်း ထောက်ပံ့ငွေပေးအပ်ကြရာ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားရှိမှု၊ မိုးစပါးရိတ်သိမ်းမှု၊ ဆောင်းသီးနှံနှင့် နွေစပါးလျာထားမှု၊ ပင်လောင်းလမ်းဘေးတစ်လျှောက် ပြောင်းနှင့် နေကြာစိုက်ပျိုးမည့်အစီအမံများ၊ နေပြည်တော်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည့်အခြေအနေများ၊ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

  သတင်းစဉ်