မဇော်မဆီး (ဒုတိယဆု၊ ကချင်)
မဟာဂီတအဆိုပြိုင်ပွဲ
အခြေခံပညာ (၁၅-၂၀) မဟာဂီတ သီချင်းအဆိုပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တာပါ။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ မဟာဂီတအဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့တော့ ဝမ်းသာပါတယ်။ အရင်ကတော့ သီချင်းတွေဆိုပေမယ့် ဒီလိုသီချင်းကြီးတွေကို ဆိုဖြစ်မယ်လို့တောင်မထင်ဘူး။ ဒါပေမယ့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တာက ကျောင်းဂုဏ်ဆောင်ချင်တယ်၊ လူမျိုးဂုဏ်ဆောင်ချင်တယ်၊ ဒါကြောင့် ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တကယ်တော့ ဒီအခုပြိုင်ပွဲဟာ မျိုးဆက်သစ်တွေအတွက် အလွန်ကိုကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။ မဟာဂီတကို သိပ်ပြီးမဆိုနိုင် ကြဘူး။ လီဆူတိုင်းရင်းသူတစ်ယောက်အနေနဲ့ မဟာဂီတသီချင်းကြီးတွေကို အခုလိုဆိုပြတဲ့အချိန်မှာ သူတို့ဆိုနိုင်ပါလားဆိုတာ အံ့ဩသွားကြတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့လည်း ကြိုးစားပြီး ဝင်ပြိုင်ကြပါ။
ဦးဟိန်းရာဇာ (ပထမဆု၊ ကရင်)
ကွက်စိပ်၊ မင်းသားအက၊ မင်းသမီး
အကပံ့ပိုးဆိုင်း
ကရင်ပြည်နယ်ကိုယ်စားပြု ကွက်စိပ်ဇာတ်ပို့ဆိုင်းပထမဆု၊ မင်းသားအက ဒုတိယဆုနဲ့ မင်းသမီးအက တတိယဆု ပံ့ပိုးဆိုင်းအနေနဲ့ ဆုတံဆိပ်သုံးဆု ရရှိပါတယ်။ အရင်ကတော့ ကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သုံးကြိမ်မြောက်ကနေစပြိုင်တာ ဆိုင်းပညာနဲ့ ရွှေတံဆိပ်ဆု ၂၄ ဆု ဆွတ်ခူးရရှိထားပါတယ်။ ပြိုင်ပွဲတွေမှာ စုစုပေါင်း ရွှေ ၂၅ ဆု၊ ငွေနဲ့ ကြေးတံဆိပ်ဆု အားလုံးပေါင်း ၅၀ ကျော်ပါပြီ။ ဒီနှစ်ပြိုင်ပွဲမှာတော့ လူငယ်မျိုးဆက်သစ်တွေ အများကြီးပါလာတယ်။ တော်တော်ကောင်းတာလည်း တွေ့ရတယ်။ လူငယ်မျိုးဆက်တွေ အင်မတန်တော်ကြပါတယ်။ ဆိုင်းပညာကို လူငယ်လေးတွေက ပြန်ပြီးတော့ ထိန်းသိမ်းတဲ့အတွက် ကျောင်းသား ကျောင်းသူအားလုံးကို ကျေးဇူးလည်းတင်တယ်။ ဂုဏ်လည်းယူတယ်။ ဒီကလေးတွေ ကျိန်းသေပေါက် ကျွန်တော်တို့ထက် ပိုတော်မှာပါ။
မဝေဝေထွန်း (ပထမဆု၊ ရန်ကုန်)
အဆင့်မြင့်ပညာအဆင့်
မယ်ဒလင်အတီးပြိုင်ပွဲ
မျှော်မှန်းထားတဲ့ဆုကို ရတဲ့အတွက် အလွန်ပဲပျော်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရှေးတူရိယာတစ်ခုဖြစ်တဲ့ မယ်ဒလင်အတီးပညာကို ဆရာ့ဆီက အမွေဆက်ခံပြီး ပြိုင်ပွဲမှာ ဆုရတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ်ပြိုင်မယ့်သူတွေအနေနဲ့ ဒီလိုပြိုင်မယ်ဆိုရင် ကိုယ်တိုင်ကြိုးစားရတယ်။ အချို့က အစပဲလုပ်တယ် နောက်ပိုင်းအဖျားရှူး သွားတာမျိုးမဖြစ်စေဘဲ သေချာစိတ်ဝင်တစားလေ့ကျင့်ဖို့လိုပါတယ်။ အခုလိုပြိုင်ပွဲကြီးတွေ ကျင်းပပေးတာ အလွန်ကောင်းပါတယ်။ ပြိုင်ပွဲတွေ နားထားတဲ့ ငါးနှစ်အတွင်းမှာ လုပ်နေကြတယ်ဆိုပေမယ့် ပြိုင်ပွဲမဟုတ်တဲ့အတွက် သိပ်ပြီးအားမထည့်ဘူး သာမန်ပဲ။ ဒါပေမယ့် အခုလိုပြိုင်ပွဲကြီးမှာဆိုတော့ အပြိုင်အဆိုင်တွေ ရှိတဲ့အတွက် ပိုပြီးအားသွန်ခွန်စိုက်လုပ်ရတယ်။ ဗဟုသုတနဲ့ အတွေ့အကြုံလည်း အများကြီးရပါတယ်။
မအေးမြတ်မွန် (ဒုတိယဆု၊ ကယား)
ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ
အဆင့်မြင့်ပညာ (ခေတ်ဟောင်းကာလပေါ်) အဆိုပြိုင်ပွဲမှာ ခင်မွန်ရွာသူသီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ဒုတိယဆုရရှိပါတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ငယ်ငယ်ကတည်းက သမီးရဲ့အစ်မဖြစ်သူက ကျောင်းကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်နေတာကိုတွေ့ပြီး ဝါသနာပါသွားတာပါ။ အဲဒီနောက်ပိုင်းနှစ်တွေကတည်းက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ပြိုင်ခဲ့ဖူးပေမယ့် ဆုမရခဲ့ပါဘူး။သမီးတို့အနေနဲ့ ယဉ်ကျေးမှုတွေကို ဆက်လက်မြှင့်တင်ထိန်းသိမ်းနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်။ ဒီလိုပွဲမျိုးတွေကို ဆက်တိုက်လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးလွင်အောင် (ပထမဆု၊ ရန်ကုန်)
ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ
ဝါသနာရှင် (ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲမှာ ပထမဆု (ရွှေတံဆိပ်)ရရှိပါတယ်။ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးနဲ့ ကိုယ်တိုင်ကြိုးစားမှုနဲ့ ဒီဆုကိုရတာပါ။ ကျွန်တော်ကိုယ်တိုင်က အနုပညာအလုပ်လုပ်တယ်။ မြန်မာ့ဂီတအတွက် တတ်နိုင်တဲ့ဘက်က အမြဲတမ်းလုပ်သွားမှာပါ။ လူငယ်တော်တော်များများ မြန်မာသံကို ကြိုက်ကြပါတယ်။ တကယ်လည်း ချစ်ပါတယ်။ ကောင်းကောင်းဆိုရင် ကောင်းကောင်းနားထောင်ပါတယ်။ များများနားထောင်ပေးပါ။ ရင်ထဲရောက်ပါလိမ့်မယ်။ ဂီတသာမှ လူမျိုးသာမှာပါ။ အခုလိုအနုပညာနဲ့ မြန်မာ့ဂီတကို နိုင်ငံတော်က မြှင့်တင်ပေးနေတာ ကျေးဇူးတင်ပါတယ်။ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နောက်နှစ်မှာကျရောက်မယ့် ငွေရတုမှသည် ရတုအဆက်ဆက် နောင်နှစ်ပေါင်းများစွာအထိ ကျင်းပနိုင်ပါစေ။
မဆောင်းလင်းနွယ် (ပထမဆု၊ ရှမ်း)
အခြေခံပညာ(၁၀-၁၅)အဆင့် အကပြိုင်ပွဲ
အခြေခံပညာအသက် (၁၀-၁၅) အဆင့်အကပြိုင်ပွဲမှာ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ပထမဆုကို ရရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဝင်ပြိုင်ခဲ့ပြီးတော့ တတိယဆု ရရှိခဲ့ပါတယ်။ဟိုးရှေးယခင်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို အခုလိုပြိုင်ပွဲကြီးမှာ သမီးတို့လို မျိုးဆက်သစ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဂုဏ်ယူစွာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ တော်တော်လေးကံကောင်းလို့ပါ။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟာ သမီးအမြင်ကတော့ တော်တော်လေးကို ကောင်းတယ်။ လူငယ်တွေအကကို ဘယ်လိုကရမယ်။ ဘယ်လို ဆိုရမယ်။ ဘယ်လိုတီးရမယ်ဆိုတာ နားလည်သိရှိလာစေတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဒီပြိုင်ပွဲကျင်းပပေးတာကို လေးစားဂုဏ်ယူပါတယ်။ သမီးကို ဒီဆုရရှိအောင် သင်ကြားပေးခဲ့တဲ့ ဆရာမနဲ့ နောက်ကနေ ပံ့ပိုးပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ပါတယ်။
မောင်ရဲသူအောင်(ပထမဆု၊ တတိယဆု၊ စစ်ကိုင်း)
မဟာဂီတနှင့်ခေတ်ဟောင်း
ကာလပေါ်အဆိုပြိုင်ပွဲ
အခြေခံပညာအသက် (၁၀-၁၅) အဆင့် မဟာဂီတအဆိုပြိုင်ပွဲမှာ ဇေယျာအောင်သံ (ပတ်ပျိုး) သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ပြီးတော့ ပထမဆုရရှိပါတယ်။ အခြေခံပညာအသက် (၁၀-၁၅) အဆင့် ခေတ်ဟောင်းကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲမှာ “အရွယ်သုံးပါး”သီချင်းနဲ့ တတိယဆုရရှိပါတယ်။ အရင်နှစ် (၂၃) ကြိမ်မြောက်ပြိုင်ပွဲမှာတော့ မဟာဂီတအဆိုပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ်။ ဒီသီချင်းတွေကို နှစ်လကျော်ကျော်လောက် လေ့ကျင့်သင်ကြားပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။
မောင်နောနော်အောင် (ပထမဆု၊ မန္တလေး)
မဟာဂီတအဆိုပြိုင်ပွဲ
အခြေခံပညာအသက် (၁၀-၁၅) အဆင့် မဟာဂီတအဆိုပြိုင်ပွဲမှာ ဇေယျာအောင်သံ (ပတ်ပျိုး) သီချင်းနဲ့ ပထမဆုရရှိပါတယ်။ ဒီဆုကို ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဆရာမတွေ သင်ကြားပေးတဲ့အချိန်ကစပြီး မဟာဂီတကို စိတ်ဝင်စားပါတယ်။ အခုလိုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမယ်ဆိုရင် အသံမဝင်အောင်လုပ်ရမယ်၊ အသံချိုသာအောင်လုပ်ရမယ်၊ ဆိုပေါက်လှအောင် ဆိုရမယ်၊ ရှေးမူမပျက်ဆိုရမယ်။ ဒီလိုရွှေတံဆိပ်ဆုရရှိအောင် သင်ကြားပေးတဲ့ မန္တလေးကဆရာမကြီး ဒေါ်အေးအေးသင်း၊ ဒေါ်ခင်ခင်ငြိမ်း၊ ဒေါ်ဝါဝါရွှေနဲ့ ပံ့ပိုးပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
မောင်မျိုးကို (ဒုတိယဆု၊ ရန်ကုန်)
ဝါသနာရှင် (ဒုတိယတန်း)
စောင်းအတီးပြိုင်ပွဲ
ဝါသနာရှင် (ဒုတိယတန်း) စောင်းအတီးပြိုင်ပွဲမှာ ဆဒ္ဒန်အိုင်သာ(သီချင်းခံ)နဲ့ တီးခတ်ယှဉ်ပြိုင်ပြီး ဒုတိယဆု ရရှိပါတယ်။ ဒီသီချင်းကို အမြဲတမ်းလေ့ကျင့် ဖြစ်တယ်။ ဗဟိုအဆင့်ပြိုင်ပွဲရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီပြိုင်ပွဲမှာ ဒုတိယဆုရတာ ကံကောင်းတာပါ။ နောက်ထပ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဆိုင်းအဖွဲ့လိုက် (အတီး) ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆုရရှိပါတယ်။ ဆိုင်းအဖွဲ့လိုက်မှာ ကျွန်တော်က မောင်းတီးပါတယ်။ ပြီးခဲ့တဲ့နှစ် စောင်းတီးပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဆုရရှိအောင် စောင်းပညာကို သင်ကြားပေးခဲ့တဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဦးဆောင်ပြီး ကျင်းပပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ - ဟိန်းဇင်