Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့မှ ဘွဲ့ရမောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး မိမိတို့ဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်ရေးအတွက် လုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည့်  တွေ့ဆုံပွဲအခမ်းအနားတွင်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) မှ အောက်တိုဘာလအတွင်း ကျောင်းဆင်းသည့် ကျောင်းသား ၃၈ ဦး၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၅၃ ဦးတို့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို အဓိကရည်မှန်းချက်ထားကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် သက်ဆိုင်ရာဌာနများသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့်အခါ မိမိတို့ဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထားကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကျောင်းဆင်းဘွဲ့ရမောင်မယ် ၅၃ဦးတို့က တစ်ဦးချင်း မိတ်ဆက်ကာ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်