နေပြည်တော် အောက်တိုဘာ ၃၁
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ယနေ့နေလယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) မှ ထွက်ခွာကြရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါတပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တွင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါသွားကာ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းပတ်ဝန်းကျင် ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ECG စက်၊ X-Ray စက်၊ ဓာတ်မှန်ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
