ခရမ်းစိုးမြင့်
မန္တလေးတိုင်းဒေသကြီးကို မြန်မာမင်းများ လက်ထက်က တမ္ပဝတီတိုင်းဟုခေါ်ပြီး တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်တို့ ထွန်းကားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ ယင်းဒေသအတွင်းရှိ အမရပူရ၊ တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပားစသည့်ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံတစ်ရပ်ထူထောင်ခဲ့ခြင်း၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ ဟောင်းများနှင့်ခေတ်ပြိုင် မိုင်းမော၊ ဝတီးစသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း၊ ပုဂံ၊ အမရပူရ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ရတနာပုံစသော မြန်မာမင်းနေပြည်တော်များ တည်ထောင်ခဲ့ခြင်း၊ ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်တွင်းကိုးခရိုင်တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ အေဒီ-၁၁၁၂ မှစ၍ မြန်မာစာအရေးအသားပေါ်ပေါက်ခဲ့ခြင်း၊ ယင်းမြို့ ၄၃ မြို့ ထူထောင်၍ ကာကွယ်ရေးတည်ဆောက်နိုင်ခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။ ကုန်ဘောင်မင်းဆက် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းစိုးစံခဲ့ရာ မြန်မာမင်းနေပြည်တော်သည် ကျုံး၊ မြို့ရိုး၊ နန်းတော်ဆောင်များ၊ မြန်မာမင်းများအဆက်ဆက် တည်ထားကိုးကွယ်ခဲ့သော ထင်ရှားသည့်ဘုရား၊ ပုထိုးများ၊ ဆောက်လုပ်လှူဒါန်းခဲ့သည့် ဘုန်းကြီးကျောင်း၊ ဇရပ်များကိုလည်း အထင်အရှားတွေ့ရှိရသည်။ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းကြီးနန်းစိုက်ရာ ပုဂံ၊ ညောင်ဦးသည်လည်း မန္တလေးတိုင်းဒေသကြီး အတွင်းပါရှိသည်။
ကျေးလက်တံတားပေါင်း ၁၈ဝ၃ စင်းအား စီမံထိန်းသိမ်း
တိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခရိုင်၊ မြို့နယ် ၉၂၈ မြို့နယ်၊ ကျေးရွာအုပ်စု ၁၄၁၄ အုပ်စု၊ ကျေးရွာပေါင်း ၄၇၉၉ ရွာတို့ဖြင့် ဖွဲ့စည်းထားကာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်သည်။ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ပြည်သူများအတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၄၇၇၉ ရွာတို့၌ ကျေးလက်လမ်းပေါင်း ၁၉၆၁ လမ်း (မိုင်ပေါင်း ၃၇၅၆ မိုင် ၃ ဖာလုံ)အား စီမံခန့်ခွဲလျက်ရှိပြီး ၎င်းလမ်းများပေါ်ရှိ ကျေးလက်တံတားပေါင်း ၁၈ဝ၃ စင်းအားလည်း စီမံထိန်းသိမ်းလျက်ရှိသည်။
လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် ဦးစီးဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၄၂ လမ်း (၃၀ မိုင် ၂ ဖာလုံ)၊ ကတ္တရာလမ်း ၂၂၁ လမ်း (၂၉၈ မိုင် ၂ဖာလုံ)၊ ကျောက် ချောလမ်း ၁၂၅ လမ်း (၁၅၈ မိုင် ၂ ဖာလုံ)၊ ဂျင်းဂဝံလမ်း ၂၅၈ လမ်း (၄၆၀ မိုင် ၅ ဖာလုံ)၊ မြေသား လမ်း ၂၄၆ လမ်း (၅၀၁ မိုင်) စုစုပေါင်း ကျေးလက်လမ်း ၈၉၂ လမ်း (မိုင်ပေါင်း ၁၄၄၈ မိုင် ၃ ဖာလုံ)အား ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျေးလက်တံတားအနေဖြင့် ကွန်ကရစ်တံတား ၁၃၉ စင်း၊ သစ်သားတံတား ၂၂ စင်းနှင့် Box Culvert၊ ရေကျော်၊ အခြားလုပ်ငန်းများ အစင်း ၄၉ဝ၊ ကျေးလက် တံတားပေါင်း ၆၅၁ စင်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ၎င်းတံတားများတွင် တိုင်းဒေသကြီးအတွင်းရှိ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်များအား ဖြတ်သန်းဖောက်လုပ်ထားသည့်မြစ်ကူး တံတားများ၊ ဧရာဝတီမြစ်ရေဝင်ရောက်နိုင်သည့်နေရာများနှင့် ဒေသချောင်းကျယ်များတွင် ဖြတ်သန်း ဖောက်လုပ်ထားသည့် ပေ ၁၈၀ နှင့် အထက် ကွန်ကရစ်တံတားကိုးစင်းနှင့် ရေကျော်ရေနိမ့်တံတား သုံးစင်း စုစုပေါင်းတံတား ၁၂ စင်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရာသီမရွေးအချိန်တို အတွင်း ဖြတ်သန်းသွားလာအသုံးပြုနိုင်ပြီ ဖြစ်သည်။
ယခုလက်ရှိ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများ ဖြင့် ကွန်ကရစ်လမ်းလေးလမ်း (၂ မိုင် ၂ ဖာလုံ)၊ ကတ္တရာလမ်း ၂၆ လမ်း (၁၅ မိုင် ၅ ဖာလုံ)၊ ကျောက်ချောလမ်း ၄၅ လမ်း (၃၇မိုင် ၇ဖာလုံ)နှင့် မြေသားလမ်းသစ်များဖောက်လုပ်ခြင်း ၁၀ လမ်း (၁၈မိုင် ၅ဖာလုံ) စုစုပေါင်းကျေးလက်လမ်းပေါင်း ၈၅ လမ်း (၇၄မိုင် ၃ဖာလုံ) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကွန်ကရစ်တံတား ငါးစင်းနှင့် Box Culvert၊ ရေကျော်နှင့် အခြားလုပ်ငန်းများ ၇၄ စင်း စုစုပေါင်းကျေးလက်တံတားပေါင်း ၇၉ စင်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ဖြတ်သန်းသွားလာအသုံးပြုမည့် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် သွားလာမှုအဆင်ပြေစေရေးအတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ဧက ၆၁ဝဝ အတွက် အကျိုးဖြစ်ထွန်း
တိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းမြို့နယ်တွင် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများအနက် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် အမှတ်(၂၅၂/၄-၂၅၂/၅) မှ ခင်သာ-အိုင်တိုကျေးရွာ ချင်းဆက်လမ်း နှစ်မိုင်နှစ်ဖာလုံအား ပြည်ထောင်စုထိန်းသိမ်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့်လမ်းမိုင် နှစ်မိုင်နှစ်ဖာလုံအား လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် ရာသီမရွေးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး စိုက်ဧက ၆၁ဝဝ အတွက် အကျိုးဖြစ်ထွန်း လျက်ရှိသည်။
ထို့အပြင် ကျောက်ဆည်မြို့နယ်တွင်လည်း ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများအနက် ကျောက်ဆည်မြို့နယ် ရန်ကုန်- မန္တလေးလမ်းမှ သီးပင်ရွာအဝင်လမ်း ကျောက်ချောလမ်းပြုပြင် ခြင်း ၃ ဒသမ ၄၅ ဖာလုံအား တိုင်းဒေသကြီးပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၎င်းလမ်းသည် ဒေသခံပြည်သူများနှင့် စိုက်ဧက ၁၀၀ အတွက် အကျိုးဖြစ်ထွန်း လျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင်လည်း ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ထိုလုပ်ငန်းများအနက် ကျောက်ပန်းတောင်းလမ်းမှ အိုင့်- သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်း ခြောက်ဖာလုံနှင့် ၎င်းလမ်းပေါ်ရှိ ပေ ၁၅၀ အရှည် RC Concrete Bored Pile တံတားအား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၆၅၂ အိမ်ရှိ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် စိုက်ပျိုးမြေဧက ၅၈၀ ခန့်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ထုံးဘို-နောင်လှိုင်-သပြေရေလမ်းသည် လမ်းမိုင်သုံးမိုင် တစ်ဖာလုံရှိသည့်အနက် ယခုဘဏ္ဍာနှစ်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း နှစ်မိုင်သုံးဖာလုံအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၁၀၂၁ အိမ်ရှိ ဒေသခံပြည်သူများ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် ရာသီမရွေးဖြတ်သန်းသွားလာ အသုံးပြုအကျိုး ဖြစ်ထွန်းမည်ဖြစ်သည်။
ရာသီမရွေးသွားလာနိုင်သောလမ်းများ ၁၀၀၂ မိုင် ဆောင်ရွက်ပြီးစီး
ယခုဘဏ္ဍာနှစ်ကုန်ပြီးစီးပါက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ရာသီမရွေး သွားလာနိုင်သောလမ်းများ ၁၀၀၂ မိုင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး ဦးစီးဌာန၏ရည်မှန်းချက်နှင့်အညီ ကျေးလက်နေပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များအသုံးပြု၍ ရာသီမရွေးသွားလာနိုင် သောလမ်းများအား အသုံးပြုနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့် သမဝါယမဝန်ကြီးဌာနနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးသည် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအတွက် လိုအပ်သောကျေးလက်ကုန်ထုတ် လမ်းနှင့်တံတားများကို ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
