နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို မိုးညှင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းအရေအတွက်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ အကြီးစား ၂၂ ခု၊ အလတ်စား ၅၀ နှင့် အငယ်စား ၇၅၁ ခု စုစုပေါင်း ၈၂၃ ခုတို့ မှတ်ပုံတင်ထားကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှသိရသည်။ အဆိုပါမှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ မိုးညှင်းဒေသတွင် သဘာဝအလျောက် ပေါက်ရောက်ပြီးငါးပေါက် သီးမှတစ်ဆင့် ငါးပေါက်ယိုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို “မွှေးမွှေးခင်” ငါးပေါက်သီးယို လုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြ လိုက်ရပါသည်-
မေး ။ ။လုပ်ငန်းစတင်လည်ပတ်မှုနဲ့ ယခုလက်ရှိ အခြေအနေများကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ကျွန်မတို့ ငါးပေါက်ယိုလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ပါတယ်။ အခုဆို လုပ်ငန်းစတင် ဆောင်ရွက်ခဲ့တာ ၁၃ နှစ်အထိ ရှိလာခဲ့ပါပြီ။ လုပ်ငန်းစတင်လည်မှုအခြေအနေကတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ စတင်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလတွေမှာဆိုရင် ငါးပေါက်သီးတွေ စပေါ်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ တစ်နှစ်စာအတွက် ငါးပေါက်သီးကုန်ကြမ်းရှာ စုဆောင်းရပါတယ်။ ငါးပေါက်သီး ကုန်ကြမ်းရပြီဆိုရင် ငါးပေါက်ဆန်လေးတွေခြောက်ပြီး ချောင်သွားအောင် နေပူလှန်းပေးရပါတယ်။ မိုးရွာတဲ့အခါဆိုရင် မိုးမမိအောင်ပြန်သိမ်းနေပူရင်ပြန်လှန်းပေးရပါတယ်။ ငါးပေါက်ဆန်လေးတွေခြောက်ပြီး ချောင်သွားပြီဆိုရင်တော့ ငါးပေါက်သီးကိုခေါက်ပြီး ငါးပေါက်ဆန် ထုတ်ရပါတယ်။ ငါးပေါက်ဆန်ကို အဆန်ချည်းပဲ ပါကင်ထုပ်ပိုးပြီး ရောင်းချသလို အုန်းသီး၊ သကြား၊ ထောပတ်တို့နဲ့ ယိုထိုးပြီးလည်း ရောင်းချပါတယ်။ ငါးပေါက်သီးကို ကိုယ်တိုင်ထွင်ပြီး စားချင်သူတွေ အတွက်လည်း နို့ဆီဘူး(သို့မဟုတ်) ပြည်တောင်းနဲ့ချိန်ပြီး ရောင်းချပါတယ်။ ငါးပေါက်ယိုထိုးရတာကတော့ လူလည်းပင်ပန်းသလို အဆင့်ဆင့် လုပ်ဆောင်ပုံတွေကလည်းများပါတယ်။
မေး ။ ။တိုးချဲ့ထုတ်လုပ်နိုင်မှု အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။တိုးချဲ့ထုတ်လုပ်နိုင်မှု အခြေအနေများနှင့်ပတ်သက်ပြီး အခုလောလောဆယ်တော့ ဆိုင်ခွဲဖွင့်လှစ်ထားမှု မရှိသေးပါဘူး။ ရောင်းရမှုအခြေအနေပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ပြင်ပပို့ကုန်တင်ပို့နိုင်မှု အခြေအနေလေးကို ပြောပြပေးပါဦး။
ဖြေ။ ။ကျွန်မတို့ ပြင်ပထိတော့ တင်ပို့ရောင်းချနိုင်မှုတော့ မရှိသေးပေမယ့် အခုလက်ရှိ အခြေအနေမှာတော့ မိုးညှင်းဘူတာအရှေ့ဆိုင်ခန်းမှာ ဆိုင်ဖွင့်ထားပြီး ရောင်းချနေရာကနေ ရန်ကုန်၊ မန္တလေး၊နေပြည်တော်အပါအဝင် တခြားနယ်မြို့များကိုလည်း တင်ပို့ရောင်းချနေပါတယ်။
မေး ။ ။ငါးပေါက်ဆန်စားခြင်း၏ အကျိုးကျေးဇူးများကိုလည်း ဆက်လက်ရှင်းပြပေးပါဦး။
ဖြေ ။ ။ငါးပေါက်ဆန်စားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လူ့ခန္ဓာကိုယ်ရဲ့ဦးနှောက်ကို အဓိကအကျိုးပြုတဲ့ အစားအစာဖြစ်ပါတယ်။ ငါးပေါက်ဆန်၊ ငါးပေါက်ယိုစားတာဟာ ဦးနှောက်ကိုလန်းဆန်းစေပြီး ဦးနှောက်မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေတာကြောင့် ကလေးသူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်လူရွယ်တွေအပြင် လူကြီးတွေပါမကျန် အချိန်အခါမရွေး ရာသီမရွေးစားသုံးကြလျက်ရှိကြပါတယ်။
မေး ။ ။ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ရည်ရွယ်ချက်များကို သိလိုပါတယ်။
ဖြေ။ ။ ဆက်လက်ဆောင်ရွက်မယ့်အခြေအနေတွေနဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ကျွန်မတို့ငါးပေါက်သီး၊ ငါးပေါက်ဆန်နဲ့ ငါးပေါက်ယိုတွေ ဝယ်ယူစားသုံးနိုင်ဖို့ကို ပထမဆုံးလုပ်ဆောင်ပါမယ်။ ဒုတိယအနေနဲ့ကတော့ မန္တလေးမြို့မှာ ဆိုင်ခွဲဖွင့်လှစ်နိုင်ဖို့အတွက် ကျွန်မတို့ ရည်ရွယ် ထားပါတယ်။
မေး ။ ။ နည်းပညာရပ်များ ဖြန့်ဝေပေးနိုင်မှုကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ဒီငါးပေါက်ယိုလုပ်ငန်းနဲ့ ပတ်သက်ပြီးနည်းပညာရပ်တွေကို ဖြန့်ဝေပေးနိုင်မှု အခြေအနေမှာဆိုရင် ကျွန်မတို့ကတော့ အခုလက်ရှိ အခြေအနေမှာ နည်းပညာရပ်တွေ သင်ကြားပို့ချ ပေးနိုင်မှုတော့ မရှိသေးပါဘူး။ နောက်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး နည်းပညာသင်တန်းတွေနဲ့ အရည်အသွေးတွေကို ပို၍ကောင်းမွန်အောင် သင်ကြားပြီး ဖြန့်ဝေပေးဖို့ အတွက်တော့ စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး ။ ။ ကျန်းမာရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ဒေသထွက်ရှိတဲ့ ငါးပေါက်သီးကို ကုန်ကြမ်းကနေ ယိုထိုးပြီးထုပ်ပိုးမှု အဆင့်ဆင့်ကနေ ကုန်ချောဖြစ်လာတဲ့အဆင့်အထိ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် အထူးဦးစားပေး ပြုလုပ်ထားတာဖြစ်လို့ ကျွန်မအစောကပြောခဲ့သလိုပဲ လူ့ခန္ဓာကိုယ်ရဲ့ဦးနှောက်ကို အဓိကအကျိုးပြုတဲ့ အစားအစာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မေး ။ ။ဆုတံဆိပ်ရရှိမှုအခြေအနေကို သိလိုပါတယ်။
ဖြေ ။ ။ကျွန်မတို့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆုတံဆိပ်ရရှိမှုအခြေအနေမှာတော့ မရှိသေးပါဘူးရှင့်။ နိုင်ငံတကာ အရည်အသွေးပြည့်မီသည်အထိ လုပ်ဆောင်သွားဖို့အတွက် နည်းပညာရပ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးအကောင်းဆုံးအထိကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ပြပွဲပြသမှု အခြေအနေများကိုလည်း ဆက်လက်ပြောပြပေးပါဦး။
ဖြေ ။ ။ပြပွဲပြသမှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်မှ ၁၉ ရက် အထိ သုံးရက်တိုင်တိုင် နေပြည်တော်မှာ အသေးစားစက်မှုလက်မှုထုတ်ကုန်နဲ့ ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းတွေပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်အပြင် MSME လုပ်ငန်းနဲ့ပတ်သက်ပြီး အခြားသောနယ်တွေမှာလည်း ဝင်ရောက်ပြသရောင်းချခဲ့ပါတယ်။ လူစိတ်ဝင်စားမှုတွေ များပြားခဲ့သလို ရောင်းအားတွေလည်း ကောင်းခဲ့ပါတယ်။
မေး ။ ။ကုန်ကြမ်းနှင့် ဈေးကွက်အခြေအနေများလည်း သိလိုပါတယ်။
ဖြေ ။ ။ကျွန်မတို့အနေနဲ့ကတော့ ငါးပေါက်သီး ကုန်ကြမ်းဆိုတာမျိုးက တောထဲကနေ ရယူရတာဖြစ်တဲ့အတွက် အခုအခြေအနေအရ အခက်အခဲလေးတွေ အနည်းငယ်တော့ ရှိပါတယ်။ ဈေးကွက်အခြေအနေနဲ့ ပြောရမယ်ဆိုရင်လည်း ပစ္စည်းအဆင့်ဆင့်ကနေ ထုတ်လုပ်မှုအခြအနေနဲ့ ထုပ်ပိုးမှုကုန်ကျစရိတ်တွေက ကြီးမြင့်လာတာနဲ့အမျှ စားသုံးသူတွေလည်း စိတ်ကျေနပ်မှုရှိစေမယ့် အခြေအနေတွေနဲ့ စားသုံးရတဲ့အရသာလည်း လျော့ကျမသွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ထုတ်လုပ်နေပါတယ်။ အခုလက်ရှိ ကျွန်မတို့ကလည်း လူတန်းစားအလိုက် ဝယ်ယူစားသုံးနိုင်အောင် အကောင်းဆုံးကြိုးစားပြီး ထုတ်လုပ်ရောင်းချနေပါ တယ်။
ဆက်လက်ပြီး ကျွန်မတို့အနေနဲ့ ငါးပေါက်ဆန်ကို ယိုထိုးပြီး ရောင်းချရုံသာမက ငါးပေါက်ဆန်ကြော်၊ ငါးပေါက်သီးလုံး၊ ချဉ်စော်ကားသီးယိုလုပ်ငန်းနဲ့ ရဲယိုသီးယိုလုပ်ငန်းစတဲ့ လုပ်ငန်းတွေကိုလည်း တွဲဖက်၍ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်ဟု ပြောကြားလိုပါတယ်ရှင့်။
သို့ဖြစ်ပါ၍ မိုးညှင်းခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအနက် ငါးပေါက်ယိုလုပ်ငန်းသည် မိသားစုအတွက်ဝင်ငွေများ တိုးပွားလာသည်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သော ငါးပေါက်ယို လုပ်ငန်းများအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။ ။
တွေ့ဆုံမေးမြန်း- နွယ်နွယ်အေး၊ ဓာတ်ပုံ- ရွှေမိုးညှင်း
