နေပြည်တော် အောက်တိုဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယခုနှစ်ဩဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကာ နေ့ထူးနေ့မြတ် အခါသမယများတွင် အထူးစည်ကားများပြားလျက်ရှိသည်ကို တွေ့ရှိရသည်။
ယနေ့ ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်လည်း ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် အများပြည်သူရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ နိုင်ငံတော်တစ်ဝန်းလုံးရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၌လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်းရှင်လူဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများအပြင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များကလည်း လာရောက်ဖူးမြော်ကြည်ညိုကြရာ စည်ကားလျက်ရှိသည်။
ထို့ပြင် ဘုရားဖူးရဟန်း ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါ ပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ခုနစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးလာသူများကို အာဟာရဒါန စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိသည်ကို တွေ့မြင်ရသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်းရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့်နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်းများ၊ လျှပ်ပန်းရောင်စုံ LED မီးပန်းစုံတို့ဖြင့်ပူဇော်ခြင်းနှင့် ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော် ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသောမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ရဟန်းရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်