နေပြည်တော် အောက်တိုဘာ ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရွှေညောင် - တောင်ကြီး- နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းဖွင့်ပွဲကို ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ လိုက်ပါ၍ တောင်ကြီး-ပေါမူ၊ ပေါမူ - တောင်ကြီး ရထားခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက် အထိ အခမဲ့ပြေးဆွဲပေးခဲ့သည်။
ယခုအခါ သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်ခြင်း၊ ရထားစီးနင်းသူများပြားခြင်းကြောင့် ယနေ့အောက်တိုဘာ ၃၀ ရက်နေ့တွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကြောင့် ထပ်မံ၍အခမဲ့ ပြေးဆွဲပေးခဲ့သည်။
ခရီးစဉ်၌ မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း ၂၅၅ ဦး လိုက်ပါ စီးနင်းခဲ့ကြောင်း သိရသည်။ တောင်ကြီး-ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာသည် နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝသံသရာတံတားကို ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက်ရောက်ရပ်နားချိန် ၁၅ မိနစ်အတွင်း ဘူတာအထက် ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာ တံတား)အား အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့်ကွင်းပြင်ကျယ်ကြီးများ စသည့် တောင်တန်းနှင့်သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်းပျော်ရွှင်မှုရရှိကြောင်း ရထားပေါ်တွင် လိုက်ပါစီးနင်းကြသူများထံမှ သိရသည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါတောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် နှုန်းထားသတ်မှတ်ပြီး ပြေးဆွဲပေးရန် စီစဉ်ထားရှိသည်။ ထို့အတူခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက်(တစ်စင်းလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စိတ်လက်အေးချမ်းပျော်ရွှင်စွာ ရထားစီးပြီးအပန်းဖြေသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်