Skip to main content

ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် တိုင်းတစ်ပါးယဉ်ကျေးမှုတွေ စိမ့်ဝင်လာခြင်းကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်တယ်။ စဉ်ဆက်မပြတ်လုပ်ပေးဖို့ လိုအပ်ပါတယ်

ဂီတစာဆို တေးကဗျာမင်းယု-ပညာရှင် ဒုတိယဥက္ကဋ္ဌ(အရေးပြိုင်ပွဲ)

အရေးပြိုင်ပွဲမှာ အဆင့်(၃)ဆင့်ပြီးသွားပါပြီ။ ဝါသနာရှင်ပထမတန်း၊ အခြေခံပညာအသက် ၁၅-၂၀၊ အဆင့်မြင့်ပညာတို့ဖြစ်ပါတယ်။ အခု ပြီးသွားတဲ့အဆင့်အထိ ပြိုင်ပွဲဝင်ကလေးတွေ ရေးသွားတာတွေ အလွန်အင်မတန်မှ ချီးကျူးလောက်ပါတယ်။ အံ့ဩလောက်အောင်တော်တော် ကောင်းပါတယ်။ လေ့လာမှုအားရော၊ စပ်ဆိုသွားတာတွေရောက စွန့်ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ ဒီနှစ်ပြိုင်ပွဲဝင်ကလေးတွေကို တော်တော်အားရတယ်။ ကျွန်တော်တို့ သီချင်းရေးတဲ့ပညာရပ်ကတော့ နှစ်ပိုင်းပေါင်းစပ်ထားတာဖြစ်ပါတယ်။ စာပေနဲ့ ဂီတပေါင်းစပ်ထားတာပါ။ စာပေမှာဆို အလင်္ကာတို့၊ နဘေတို့၊ ကာရန်တို့ စပ်ပုံစပ်နည်း သတ်မှတ်ချက်စည်းကမ်းတွေရှိသလို သံစဉ်ပိုင်းဆိုင်ရာတွေကလည်း တော်တော်လေးလေးနက်နက် လေ့လာရတယ်။ တီးပေါက်တွေ၊ ဆိုပေါက်တွေ၊ ရေးဟန်တွေ အများကြီးရှိပါတယ်။ ဒါတွေကို စဉ်ဆက်မပြတ် လေ့လာဖို့လိုပါတယ်။

သို့သော်လည်း အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပေးချင်တဲ့ အကြံဉာဏ်ကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော်တို့ရဲ့လူကြီးတွေပြောသလို ကဗျာမြန်မာတတ်ချင်ရင် ကဗျာများများဖတ်ပါ။ အဲဒီလိုပဲ သီချင်းတွေ ရေးတတ်ချင်ရင်တော့ လေ့လာစရာတွေ အများကြီးရှိပါ တယ်။ အမြန်ဆုံးတတ်ချင်ရင်တော့ သီချင်းတွေများများလေ့လာပါ၊ များများကျက်ပါ၊ များများဖတ်ပါလို့ အကြံပြုချင်ပါတယ်။ ဒီပြိုင်ပွဲတွေက ဒီခေတ်မှာ အများကြီးလိုအပ်ပါတယ်။ တိုင်းတစ်ပါးယဉ်ကျေးမှုတွေက အရှိန်အဟုန်နဲ့ ထိုးဖောက်လာနေတာရှိတယ်။ စွဲထင်နေအောင် စိမ့်ဝင်နေတာလည်းရှိတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ စိမ့်ဝင်လာခြင်းကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်တယ်။ စဉ်ဆက်မပြတ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

အနယ်နယ်အရပ်မှာ တိုင်းတစ်ပါးဂီတတွေက ထိုးဖောက်တာ အများကြီးရှိတယ်။ ဒီလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ များများကျင်းပပေးပြီးတော့ မြန်မာမှုနယ်ပယ်တွေကို မြှင့်တင်ရမယ်။ ဥပမာပြောရရင် ဂီတအစည်းအရုံးတွေရှိတယ်။ သဘင်အစည်းအရုံးတွေရှိတယ်။ ယဉ်ကျေးမှု တက္ကသိုလ်တွေရှိတယ်။ ပန်တျာကျောင်းတွေရှိတယ်။ အဲဒီလိုနေရာတွေကနေစပြီး အခြေခံသင်တန်းလေးတွေက သိုက်သိုက်မြိုက်မြိုက်လုပ်ပေးရင်တော့ အဆင့်တစ်ခုကို ရောက်လာမယ် လို ယုံကြည်ပါတယ်။

မမိုးအိအိနိုင်ပတ္တလားအတီးပြိုင်ပွဲဝင်ပဲခူးတိုင်းဒေသကြီး

ကျွန်မရဲ့ပတ္တလားအတီးအတတ်ပညာအတွက် ပထမဆုံးသင်ကြားပေးတဲ့ လက်ဦးဆရာကတော့ ဘိုးဘိုးကြီးအဘစိန်မြအောင် ဖြစ်ပါတယ်။ ပတ္တလားပညာကို စပြီးသင်ယူခဲ့တာ လေးငါးနှစ်ရှိပါပြီ။ အခုပတ္တလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာကတော့ ကျွန်မကိုယ်တိုင်ဝါသနာပါလို့ ယှဉ်ပြိုင်ဖြစ်တာပါ။ ကျွန်မယှဉ်ပြိုင်ရတာကတော့ မဲကျတဲ့သီချင်းကို ယှဉ်ပြိုင်ရတာပါ။ ပတ္တလားအတတ်ပညာကို သင်ကြားဖြစ်တာကတော့ ငြိမ့်ညောင်းသာယာတဲ့ ဂီတအမျိုးအစားလို့ ယူဆတာလည်း ပါပါတယ်။ ဒီပတ္တလားအတီးအတတ်ပညာက နိုင်ငံခြားတိုင်းပြည်တွေမှာလည်း မရှိဘူးလေ။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ပြီး ထိန်းသိမ်းရာလည်း ရောက်တယ်ဆိုတဲ့သဘောမျိုးနဲ့ သင်ကြားဖြစ်ခဲ့တာပါ။ အခု ကျင်းပနေတဲ့ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အချိန်ယူပြီးလည်း လေ့ကျင့်ခဲ့ရပါတယ်။ အခုလို ပြိုင်ပွဲကြီးတွေ ကျင်းပပေးတာကောင်းပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းရာရောက်သလို မြတ်နိုးတန်ဖိုးထားတတ်လာတယ်။ ဒါကြောင့်မို့ ပြိုင်ပွဲကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲအတွေ့အကြုံကတော့ (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ စတင်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ ဆိုင်းဝိုင်းတစ်ကိုယ်တော်နဲ့ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ကျွန်မအနေနဲ့ အခုလို အနုပညာအလုပ်တွေ လုပ်ဖြစ်တာကတော့ မျိုးရိုးအစဉ်အဆက်ကြောင့်လို့ ပြောရင်လည်း ရပါတယ်။ ကျွန်မရဲ့အဘိုးက လှည်းကူးစိန်တင်အောင်၊ အဘွားက မင်းသမီးလွတ်လပ်ရေးကြည်၊ အဖေက ဆိုင်းဆရာ စိန်မျိုးဟန်၊ အမေက ဆိုင်းဆရာမ ချိုချိုဟန်ဖြစ်ပါတယ်။ လက်ရှိပြိုင်ပွဲမှာ ဆိုင်းဝိုင်း တစ်ကိုယ်တော်နဲ့ ပတ္တလားကို အခြေခံပညာအဆင့် အသက် ၁၅-၂၀ မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ မျှော်မှန်းထားတာကတော့ ပထမဆုပါ။ ပြိုင်ပွဲဝင်အားလုံးကလည်း ဗဟိုအဆင့်ကို ရောက်လာပြီ ဆိုကတည်းက အားလုံးတော်ကြတာဖြစ်လို့ ဘယ်သူပဲရရ ကျေနပ်ဝမ်းမြောက်ပါတယ်။

မဆောင်းရနံ့အခြေခံပညာအဆင့် စန္ဒရားအတီးပြိုင်ပွဲဝင်ကချင်ပြည်နယ်

ကျွန်မကတော့ အသက် ၁၅-၂၀ အမျိုးသမီးစန္ဒရား အတီးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရာပြည့်ကိုယ်ပိုင်ကျောင်းမှာ ပညာသင်ကြားရင်းနဲ့ အခု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ စန္ဒရားအတီးပညာကို အသက်ခုနစ်နှစ်လောက်ကတည်းကစပြီး သင်ယူခဲ့တာဖြစ်ပါတယ်။ စန္ဒရားပညာကို သင်ယူလာတာလည်း ခုနစ် နှစ်လောက်ရှိသွားပါပြီ။ အခုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတာ ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်အားရမှု ရှိပါတယ်။ ပြိုင်ပွဲကြီးကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ အနေနဲ့လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက် ထိန်းသိမ်းသင့်ကြောင်းလည်း ပြောလိုပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးသွားမယ်ဆိုရင် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းရာရောက်သလို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ပျောက်ပျက်မသွားဘဲ အရှည်သဖြင့် တည်တံ့နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချိန်မှာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက အနုပညာရှင်တွေ ဘယ်လိုတီးလည်းဆိုတာတွေလည်း အတွေ့အကြုံတွေ အများကြီးရပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် နှစ်လလောက် လေ့ကျင့်ခဲ့ရပါတယ်။ အခု ပြိုင်ပွဲဝင်ခဲ့တာကတော့ အတိုင်းမသိမင်္ဂလာဘွဲ့သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

စိန်တင်အောင်ဆိုင်းအတီးပြိုင်ပွဲနည်းပြပဲခူးတိုင်းဒေသကြီး

ဆိုင်းဝိုင်းတစ်ခု အုပ်စုတည်ထောင်နိုင်ဖို့ သိန်းရာကျော် ရင်းနှီးရပါတယ်။ အဆို၊ အက၊ အတီးအမှုတ်ပညာရှင်တွေကိုလည်း စုစည်းရပါတယ်။ ဖွဲ့စည်းထားတဲ့ ပညာရှင်တွေကို အဆင်ပြေရပ်တည်နိုင်ဖို့ ပွဲချီစိတ်ဖို့လည်းလိုတယ်။ ပွဲချီစိတ်စိတ်ရဖို့ဆိုရင် ပရိသတ်အကြိုက် ယနေ့ဖြစ်ပေါ်နေတဲ့ ခေတ်အကြိုက်တွေ ထည့်ပေးရပါတယ်။ မိရိုးဖလာစီးဆင်းမှုနဲ့ ဝါသနာအရပြောရရင် နန်းတွင်းဖျော်ဖြေမှုပုံစံ ငြိမ့်ညောင်းသာယာပြီး အဆင့်မြင့်တီးကွက်တွေနဲ့ ဖျော်ဖြေချင်ပါတယ်။ ဒါပေမဲ့ ပရိသတ်မစုံခင် နောက်ပရိသတ်များ လျော့ပါးသွားချိန်တွေမှာ ဒီရိုးရာတီးကွက်တွေကို ဖွင့်ချတီးခတ်ရတာ အလွန်ပဲဝမ်းနည်းခံစားရပါတယ်။ ဒါပေမဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ဆိုင်းနည်းပြအနေနဲ့ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုတာဝန်ယူရပြီး မျိုးဆက်သစ်တွေကို တစ်တပ်တစ်အားပြုစုပျိုးထောင်ပေးရတာ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုလို့ ခံယူထားပါတယ်။

မြန်မာ့ယဉ်ကျေးမှုသည် သမိုင်းအဆက်ဆက်ကို ဖြတ်ကျော်လျက် မြန်မာတို့၏ ၁၀ မျိုးသော ပန်းအတတ်ပညာတို့သည်လည်းကောင်း၊ ဆို၊ က၊ ရေး၊ တီးဟူ၍ အနုသုခုမပညာရပ်တို့သည်လည်းကောင်း ပညာအမွေခွဲဝေပေးသူ၊ ဆက်ခံသူတို့၏ ကျေးဇူးကြောင့် ယနေ့တိုင် တွေ့မြင်ခံစားရလျက်ရှိပေသည်။ နည်းပညာခတ်၏ ထိုးဖောက်လွှမ်းမိုးမှုတို့ကို ဟန့်တား၍ မိမိတို့၏ မြန်မာတိုင်းရင်းသားညီအစ်ကိုတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ ယဉ်ကျေးမှုစံနှုန်းများကို စောင့်ရှောက်ထိန်းသိမ်းရန် အနာဂတ်မျိုးဆက်သစ်များကို ၁၉၉၃ ခုနှစ်မှသည် ယနေ့ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအထိ မွေးထုတ် ဖော်ဆောင်လျက်ရှိပါကြောင်း။

တွေ့ဆုံမေးမြန်း - အလင်းသစ်၊ နေမျိုး

ဓာတ်ပုံ - ကိုကိုနေ