နေပြည်တော် အောက်တိုဘာ ၂၉
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ၊ အုပ်ချုပ်သူများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲကြီးအပေါ်ထားရှိသည့် ၎င်းတို့၏သဘောထားခံစားချက်များကို တွေ့ဆုံမေးမြန်း ရေးသားဖော်ပြလိုက်ရပါသည်။
ဦးသန်းမြတ်စိုး(အကဲဖြတ်ပညာရှင်)
ကျွန်တော်က အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲမှာ အကဲဖြတ်ပညာရှင်အဖြစ် တာဝန်ယူဆောင် ရွက်ပါတယ်။ အကဲဖြတ်ပေးရာမှာ အသံကောင်းခြင်း၊ ဆိုပုံဆိုဟန်၊ စည်းဝါး ကိုက်ညီမှု၊ အသံအနေအထားကလည်း အတက်အကျမှန်ရမယ်၊ ဇာတိမာန် တက်ကြွစေတဲ့အပေါ်မှာ အမှတ်ပေးရပါတယ်။ မြန်မာမှုအနုပညာတချို့က တဖြည်းဖြည်းနဲ့ တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ တိုင်းတစ်ပါးတေးဂီတတွေကလည်း အလွန်လွှမ်းမိုးလာပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံတော်က အခုလိုပွဲကြီးကို ပြန်လည်ကျင်းပပေးတဲ့အတွက် အနှစ်သာရတွေ ပြန်လည်ပြည့်ဝ လာစေပါတယ်။ အနာဂတ်အတွက်လည်း အမှန်တကယ်ကို အကျိုးရှိစေပါတယ်။ နိုင်ငံတော်က ဒီလိုအစီအစဉ်တွေကို ဆောင်ရွက်ပေးတဲ့အတွက် အင်မတန် ကျေးဇူးတင်ရပါတယ်။
ကျွန်တော်တို့က မြန်မာမှုနဲ့တစ်သက် လုံးကြီးပြင်းလာတဲ့ သူတွေပဲဖြစ်ပါတယ်။ အနာဂတ် သားငယ်၊ သမီးငယ်တွေက ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်အောင် ပြောင်းရွှေ့ပေးတာပဲ ဖြစ်ပါတယ်။ ဒီအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မီးခဲပြာဖုံးတွေအတွက် အင်မတန်ကောင်းတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီလို ပြိုင်ပွဲကြီးကျင်းပခြင်းအားဖြင့် အနုပညာမောင်နှမတွေအချင်းချင်း ဆုံတွေ့ခွင့်ရတယ်။ ကိုယ့်ရဲ့အနုပညာကိုလည်း ထုတ်ပြခွင့်ရတယ်။ ကြိုးစားမှုတွေကိုလည်း အကောင်အထည်ဖော်ခွင့်လည်း ရတယ် စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
ဒေါက်တာထင်လင်းအောင်(အုပ်ချုပ်သူ-ဧရာဝတီတိုင်းဒေသကြီး)
ကျွန်တော်က (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်တွေရဲ့ အုပ်ချုပ်သူအဖြစ် တာဝန်ယူထားပါတယ်။ တိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲဝင်၊ အုပ်ချုပ်သူနဲ့ ပံ့ပိုးတီးခတ်သူ တွေစုစုပေါင်း ၄၀၁ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်ဦးရေကတော့ ၂၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ယခင်နှစ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်မှာ တတိယဆု ရရှိခဲ့ပါတယ်။ ယခင်နှစ်ကထက် ပြိုင်ပွဲဝင်ဦးရေနဲ့ ပြိုင်ပွဲဝင်ဘာသာရပ်တွေ ပိုများလာတဲ့အတွက် ဆုတံဆိပ်တွေ ပိုမိုရရှိမယ်လို့ မျှော်မှန်းထားပါတယ်။
ဒီနေ့မှာဆိုရင် တိုင်းရင်းသားရိုးရာ၊ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲမှာ တိုင်းဒေသကြီးကိုယ်စားပြုအဖြစ် ရေခပ်ဆင်းချိန်ဆိုတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဧရာဝတီဆိုတဲ့အတိုင်း ဧရာဝတီမြစ်ကြီးကို ရင်ထဲမှာခံစားပြီး မြစ်ကြီးရဲ့ နေဝင်ဆည်းဆာအချိန်မှာ အပျိုဖြန်းလေးတွေ ရေခပ်ဆင်းတဲ့သရုပ်ကို ကပြဖျော်ဖြေတာ ဖြစ်ပါတယ်။ ရေခပ်ဆင်းတဲ့အချိန်မှာလည်း ရေခပ်သူ၊ ကြက်ဖခွပ်တမ်းကစားသူ၊ ထုပ်ဆီးတိုးတမ်းကစားသူတွေနဲ့ ကျေးလက်သဘာဝ အလှလေးတွေကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်က ကျောင်းဆရာ တစ်ယောက်လည်းဖြစ်တဲ့အတွက် ဦးတည်ချက် (၄)ရပ်အနက်မှာ တတိယအချက်ကို ပိုပြီးသဘောကျ နှစ်သက်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ အဲဒါကြောင့် နိုင်ငံတော်အစိုးရက အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့အတွက် ဒီလိုပြိုင်ပွဲတွေကို ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပေးတဲ့ပွဲကြီး ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ သို့မှသာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကလည်း ကမ္ဘာတည်သရွေ့ ဆက်လက် တည်တံ့နေမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပပေးနေတာကို ကြိုဆိုသလို ဂုဏ်လည်းယူပါတယ်။ အခြားသောရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ပွဲလေးတွေကို ရံဖန်ရံခါ ထပ်ပြီးကျင်းပပေးနိုင်ရင် ပိုပြီးကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှသာ လူငယ်၊ လူရွယ်လေးတွေက စိတ်ဓာတ်ယိမ်းယိုင်မှု မရှိတော့ဘဲ ရိုးရာယဉ်ကျေးမှုအပေါ်မှာ အာရုံစူးစိုက်မှုတွေ ပိုပြီးရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မောင်နေမျိုးဦး(ရခိုင်ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က ရခိုင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့်မှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ နှစ်သစ်၊ အကျင့်ဆိုး၊ မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း၊ မြန်မာသီချင်းဆိုရအောင်ဆိုပြီး စုစုပေါင်း လေးပုဒ်လေ့ကျင့် ရပါတယ်။ အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာတွေရဲ့ သင်ကြားပြသမှုနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတဲ့အတိုင်း ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေတဲ့ သီချင်းမျိုးဆိုတော့ မျိုးချစ်စိတ် ပိုမိုတက်ကြွစေပါတယ်။ ဒီပြိုင်ပွဲရဲ့ သီချင်းတွေမှာ နှစ်သစ်သီချင်းကို ပိုပြီးအားရပါတယ်။ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆုတံဆိပ်တော့ မရရှိခဲ့ပါဘူး။ အတွေ့အကြုံတွေတော့ အများကြီးရရှိခဲ့ပါတယ်။ ဒီနှစ်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အနုပညာဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေကို ပါဝင် ယှဉ်ပြိုင်စေချင်ပါတယ်။
မကြည်လဲ့မွန်(ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်မတို့က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ ကျေးလက်ယိမ်းအကကို ရေခပ်ဆင်းချိန်သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကျေးလက်ယိမ်းအကကို အင်အား ၁၆ ယောက်နဲ့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် အားလုံးက ကြိုးစားထားကြပါတယ်။ ဒီ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အလွန်ကောင်းမွန်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ဖော်ပြနိုင်တယ်၊ အခြားတိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေလည်း မြင်တွေ့နိုင်တယ်၊ ယဉ်ကျေးမှုကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်တဲ့အတွက် ကောင်းမွန်တဲ့ ပွဲကြီးတစ်ခုဖြစ်ပါတယ်လို့ ပြောချင်ပါ တယ်။
မောင်တင်ထွန်းဦး(ကယားပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းပြိုင်ပွဲဆိုပြီး ဘာသာရပ်နှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် လေ့ကျင့်ချိန်ကနည်းပေမယ့် နည်းပြနဲ့ အတီးဆရာ၊ ဆရာမတွေရဲ့ သင်ကြားပြသမှုကို သေသေချာချာ လေ့ကျင့်ခဲ့ပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးသီချင်းတွေမှာ တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးစေတဲ့ အဓိပ္ပာယ်တွေ ပါဝင်တဲ့အတွက် သီဆိုရာမှာလည်း ဂုဏ်ယူစရာကောင်းပါတယ်။ မနှစ်ကလည်း ဒီဘာသာရပ်တွေကိုပဲ ယှဉ်ပြိုင်ခဲ့တာ တတိယဆုတွေရရှိခဲ့ပါတယ်။ ဒီနှစ်အတွက်ကတော့ အမြင့်ဆုံးကို မျှော်မှန်းထားပါတယ်။ ရရှိအောင်လည်း အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်သီချင်းတွေကို စိတ်ဝင်စားမှုနည်းလာကြပါတယ်။ ဒီလိုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့အတွက် စိတ်ဝင်စားမှုနည်းနေတဲ့ တေးသီချင်းတွေကို ပိုပြီးရင်းနှီးလာစေမယ်လို့ ထင်ပါတယ်။
မသဲအိမွန်(စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်မက စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုအနေနဲ့ အခြေခံပညာ(၁၀ နှစ် မှ ၁၅ နှစ်အတွင်း)အဆင့်ကို ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မယ်ဒလင်ပြိုင်ပွဲနဲ့ ဒုံမင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒုံမင်းမှာ ကြိုးအရေအတွက် ၂၉ ကြိုးနဲ့ မယ်ဒလင်မှာ ခြောက်ကြိုး ပါဝင်ပါတယ်။ မယ်ဒလင်အတီးကို ပိုပြီးစိတ်ဝင်စားပါတယ်။ မနှစ်ကတော့ ဒုံမင်း အတီးပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့ပါတယ်။ ဒုံမင်းပညာကို အဘိုးဆီက သင်ကြားခဲ့တာဖြစ်ပါတယ်။ အဘိုးရဲ့ သေချာသင်ကြားပြသမှုတွေကို သေသေချာချာ လေ့ကျင့်ထားပါတယ်။ ဆုတွေလည်း အကောင်း ဆုံးတွေရချင်ပါတယ်။ ဒီလိုပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။
မဆုလာဒ်ဖြိုး(ရခိုင်ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်မတို့က ရခိုင်ရိုးရာအကြောင်းကို ဖော်ကျူးထားတဲ့ ဤသည်ကားရခိုင်သား၊ ဤသည်ကား ရခိုင်ပြေသီချင်းနဲ့ ယိမ်းအကကို ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သီချင်းထဲမှာ ရခိုင်ပြည်နယ်အကြောင်း၊ သမိုင်းအကြောင်း၊ ရိုးရာအကြောင်း အကုန်လုံးဖော်ကျူးထားတဲ့ တေးသီချင်းဖြစ်ပါတယ်။ ကျွန်မတို့ ယိမ်းအကမှာ ပြိုင်ပွဲဝင် ၁၆ ယောက် ပါဝင်ပါတယ်။ ဆုတံဆိပ်နဲ့ ပတ်သက်လို့ကတော့ အားလုံးက ပထမဆုပဲရချင်ကြတာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အနုပညာဝါသနာပါတဲ့သူတွေလည်း ဖော်ထုတ်ခွင့်ရတယ်၊ တိုင်းရင်းသားရိုးရာ အကတွေကိုလည်း ဖော်ကျူးကပြခွင့်ရတယ်။ အဲဒါကြောင့် ပြိုင်ပွဲကျင်းပပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - အောင်သန့်