Skip to main content

သီတင်းကျွတ်လ အဘိဓမ္မာအနှစ်သာရ

မြန်မာတို့၏ ၁၂ လရာသီ ယဉ်ကျေးမှုပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဘာသာတရားကို အခြေခံသည့် မွန်မြတ်သော အစဉ်အလာပွဲတော်တစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်ကို ကြိုဆိုသည့်အနေဖြင့် ဆီမီးထွန်းပူဇော်သည်ကို အကြောင်းပြု၍ အစဉ်အလာမပျက် သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်လာပေသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်(အဖိတ်နေ့)၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပကြလေသည်။ သီတင်းကျွတ်ပွဲတော်ကာလတွင် ဘုရား၊ ကျောင်း၊ ဓမ္မာရုံ၊ တိုက်တာ၊ အိမ်ရာ၊ အဆောက်အအုံများ၌ ဆီမီးထွန်းကြသည်။ တောရွာများတွင် မိသားစုနှင့်အတူ စီးပွားရှာဖက် လယ်ယာလုပ်သား နွားများအတွက်ပါ ရည်ရွယ်၍ နွားတင်းကုပ်ပါမကျန် မီးထွန်းပေးကြသည်။ စီးပွားဖက်နွားများအတွက် ရည်စူးပေးသည်ဆိုရာ၌ နွားများအနေဖြင့်လည်း ရတနာသုံးပါးကို ပူဇော်ပါကြောင်း၊ ဆင်းရဲပင်ပန်းလှသည့် တိရစ္ဆာန်ဘဝမှ လွတ်ကြောင်း၊ ကျွတ်ကြောင်း အဘိဓမ္မာနေ့တွင် ဆုတောင်းကြလော့ဟုဆိုကာ မီးထွန်းပေးခြင်းဖြစ်ပါသည်။

မည်သည့်တိရစ္ဆာန်ဟူသည်မဆို အသိစိတ်၊ ခံစားစိတ်များ ရှိကြသည်ဖြစ်၍ ဤသို့ ကောင်းသောအမှုကို ပြုလုပ်ပေးခြင်းဖြင့် ကောင်းသောအကျိုးများ ရရှိကြမည်ဟု ယုံကြည်သင့်ပါသည်။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နှင့် စပ်လျဉ်း၍ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားကို အမှူးပြု၍ နတ်ဗြဟ္မာများကို ဝါတွင်းသုံးလကာလပတ်လုံး ဟောကြားတော်မူခဲ့သော အဘိဓမ္မာဒေသနာတော်သည် သိမ်မွေ့နက်နဲပြီး အလွန်ထူးကဲသည့် ထူးခြားမှုကို ဆောင်ပေသည်။ မြတ်စွာဘုရားရှင်က နတ်ဗြဟ္မာတို့ကိုသာမက ရဟန်းရှင်လူ၊ အပါယ်လေးဘုံသား ငရဲ၊ တိရစ္ဆာန်တို့ပါမကျန် မေတ္တာဖြန့်ကြက်ပေးတော်မူခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ ဝါဆိုသည်ဆိုသော်လည်း မြတ်စွာဘုရားသည် လူ့ပြည်သားဖြစ်သည့်အတွက် နံနက် ဆွမ်းခံချိန်တွင် လူ့ပြည်သို့ ကြွတော်မူပါသည်။ လူ့ပြည်သို့ကြွသည့်အခါ နတ်ဗြဟ္မာများ တရားနာမြဲမပြတ် နာနေနိုင်စေရန် အသံ၊ အဆင်းအလုံးစုံတူစေဟု အဓိဋ္ဌာန်ပြုဖန်ဆင်းပြီး နိမ္မိတဘုရား ကိုယ်စားထားကာ လူ့ပြည်လောကသို့ ကြွတော်မူပါသည်။ လူ့ပြည်တွင် ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောတွင် သီတင်းသုံးတော်မူပါသည်။ ထိုအခါ အရှင်သာရိပုတ္တရာအား မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့သည့် တရားများကို အကျဉ်းချုပ်နည်းဖြင့် ဟောကြားတော်မူပါသည်။ အကျဉ်းဟောသော်လည်း အရှင်သာရိပုတ္တရာမှာ အဘိဓမ္မာဒေသနာတော်ကို အကျယ်အကုန်နားလည်သွားပါသည်။

မြတ်စွာဘုရားရှင်လည်း ညနေချမ်းတွင် တာဝတိံသာနတ်ပြည်သို့ ပြန်လည်တက်ပြီး ဟောမြဲဟောပါသည်။ ရှင်သာရိပုတ္တရာလည်း တရားတော်ကို မှတ်သားနာယူပြီး တပည့်ငါးရာတို့အား အဘိဓမ္မာတရားကို တစ်ဆင့်ဟောကြားတော်မူပါသည်။ တပည့်ငါးရာတို့သည် ထူးခြားသောရဟန်းတော်များဖြစ်ပါသည်။ ကဿပဘုရားရှင်လက်ထက်က ရဟန်းငါးရာသည် လင်းနို့သားငါးရာဖြစ်ခဲ့ဖူးပါသည်။ လင်းနို့သားငါးရာသည် တစ်ခုသော တောင်ခေါင်းဂူတွင်နေကြပါသည်။ ထိုဂူတွင် အဘိဓမ္မာဆောင်သည့် ရဟန်းတော်များက အဘိဓမ္မာတရား ရွတ်ဖတ်သည့်အသံကို ကြားရသောအခါ တရားတော်ကို နားမလည်သော်လည်း ဤသည်မှာတရားဟု နှလုံးသွင်းကြည်ညိုသည့်ကုသိုလ်ကြောင့် ဘဝကူးပြောင်း၍ နတ်ပြည်သို့ ရောက်ပြီးနောက် ဂေါတမဘုရားရှင်လက်ထက်တွင် ရဟန်းငါးရာဖြစ်လာခဲ့သည်။

အဘိဓမ္မာဒေသနာတရားတော်၏ နက်နဲဆန်းကျယ်ပုံကို ဆင်ခြင်ကြည့်ရှုနိုင်မည်ဖြစ်သည်။ အခြားတရားတော်များနှင့်မတူ နတ်ပြည်တစ်လှည့်၊ လူ့ပြည်တစ်လှည့် ဟောကြားတော်မူသော တရားတော်ဖြစ်ပြီး ဤအဘိဓမ္မာတရားကို နာကြားရသူ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ မဂ်ဖိုလ်နိဗ္ဗာန်တစ်ဖက်ကမ်းသို့ပင် ပြောင်းရွှေ့နိုင်စွမ်းသော အစွမ်းများရရှိကြပေသည်။ ထိုမျှသာမက တရားတော်၏ အဓိပ္ပာယ်၊ တရားတော်၏ အနှစ်သာရကို နားမလည်နိုင်သည့် အဟိတ်တိရစ္ဆာန်များသည်ပင် အဘိဓမ္မာဒေသနာ ဟောကြားသံကို ဤသည်ကားတရားဟု မှတ်ယူဆင်ခြင်ကြည်ညိုရုံမျှဖြင့် တိရစ္ဆာန်ဘဝမှ ကျွတ်လွတ်ကာ မြတ်သောဘဝသို့ ရောက်ကြရသည်မှာ အလွန်ထူးခြားမှုပင်ဖြစ်သည်။

သို့ဖြစ်ရာ သီတင်းကျွတ်အခါကာလတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကောင်းသောအမှုများ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယဉ်ကျေးမှုအစဉ်အလာအားဖြင့် ပြုလုပ်ခြင်းမှ ရတနာသုံးပါးကို ပူဇော်ခြင်းတည်းဟူသော ကောင်းမြတ်သော မနသီကာရစိတ်ထားများဖြင့် မျှဝေပြုလုပ်ကြခြင်းဖြင့်လည်းကောင်း သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းပြီး ကောင်းကျိုးချမ်းသာများပြည့်စုံသည့် အမြတ်နိဗ္ဗာန်သို့ပင် တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။       ။