ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ငါးပါးသီလခံယူ
ဦးစွာ ဗဟန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာဂန္ထဝါစက ပဏ္ဍိတသာသနဓဇ ဘဒ္ဒန္တဓမ္မာစရိယ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒအဂ္ဂသာမိထံမှ အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
စုပေါင်းဆီမီးဆက်ကပ်
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ပွဲနှင့် စုပေါင်း ဆီမီးဆက်ကပ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ လျှပ်စစ်မီးစေတီများကို ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူရန်အလှူငွေများကို ဂေါပကအဖွဲ့ သို့ လှူဒါန်းကြပြီး ဆီမီးများဆက်ကပ် ပူဇော်ကြသည်။
ယင်းနောက် အောင်မြေ၌ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက “နီလာနီလာ” အစချီသောမဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း “သောဝဏ္ဍိကံ” အစချီသော ရွှေတိဂုံ ဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပန်း ရေချမ်း ဆီမီး အမွှေးနံ့သာကပ်လှူ ပူဇော်ခြင်း၊ “ဘဂဝန် ဘုန်းလှိုင်” အစချီသော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပစ္စယနိဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများ စုပေါင်း၍ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပတ်လည် ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဖိတ်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - ဓာတ်ပုံ ကိုကိုဇော်(mna)
