Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်းအဆိုပြိုင်ပွဲနှင့် ရှမ်းတိုင်းရင်းသားရိုးရာအကပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ကျင်းပသည့် “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှ သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဖြစ်သော “သားချင်းများ ဆုံတွေ့သောအခါ” တေးသီချင်းကို ငြိမ့်ညောင်းသာယာနားဝင်ပီယံရှိစေမည့်အပြင် နားဆင်သူများအဖို့ စိတ်အားထက်သန်စေမည့် အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုယှဉ်ပြိုင်ကြသည်။

ထိုသို့ ယှဉ်ပြိုင်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အတူ ကောင်စီအတွင်းရေးမှူး၏ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ဇနီးများနှင့် အကဲဖြတ်ဒိုင်အဖွဲ့များက ကြည့်ရှုအားပေးကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့သည် “အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲတွင် အဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

ကြည့်ရှုအားပေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ကျင်းပသည့် “ရှမ်းတိုင်းရင်းသား ရိုးရာအက (အလွတ်တန်း) အဆင့်ပြိုင်ပွဲ” သို့ တက်ရောက်ကြည့်ရှု အားပေးကာ ယှဉ်ပြိုင်မှုအပြီးတွင် အကအဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် အကဲဖြတ် ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

တစ်ခဲနက်လာရောက်ကြည့်ရှု

ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ရှိ Banquet Hall ၌ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ Plenary Hall ၌ မြန်မာအကအခြေခံ ကဗျာလွတ်အကပြိုင်ပွဲနှင့် News Briefing Room ၌ ဂီတာအတီးပြိုင်ပွဲတို့ကို ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာ ဖော်ကျူးယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်