နေပြည်တော် အောက်တိုဘာ ၂၈
နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၇၀၉ ဦးတို့အတွက် Panda Pack (မေတ္တာအိတ်ထုပ်) များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရတနာမှန် ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် China Foundation for Rural Development (CFRD) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ မုနိကုမာရ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၇ ကျောင်းမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၄၇၀၉ ဦး၏ ပညာရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ နေထိုင်မှုအခြေအနေကိုမြှင့်တင်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကိုဖော်ညွှန်းရန်၊ ပြည်သူအချင်းချင်း ဆက်သွယ်မှုခိုင်မာစေရန်ဆိုသည့် ကောင်းမွန်သောရည်ရွယ်ချက်များနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး၊ ကျောင်းသုံးပစ္စည်းနှင့် အခြားအသုံးအဆောင် ပစ္စည်းအမျိုးအစား (၂၁) မျိုး၊ အရေအတွက် (၉၂) ခုပါဝင်သည့် Panda Pack (မေတ္တာအိတ်ထုပ်) ကျောပိုးအိတ် ၄၇၀၉ အိတ်ကို တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း China Foundation For Rural Development (CFRD) ၏ မြန်မာနိုင်ငံဆိုင်ရာရုံးကလှူဒါန်းသည့် အခမ်းအနားဖြစ်၍ ကျောင်းသားလူငယ်များအတွက် အကျိုးကျေးဇူးများစွာရရှိစေသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် Chin Foundation for Rural Development (CFRD) မှ Country Director Ms.Lin Yuan က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ Panda Pack (မေတ္တာအိတ်ထုပ်) စီမံချက်ကို အကောင်အထည်ဖော်ခြင်းသည် တရုတ်လူမျိုးတို့၏ ခင်မင်ရင်းနှီးမှုစိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်ပြီး တရုတ်-မြန်မာလူမျိုးများကြား ပိုမိုနီးကပ်သောဆက်ဆံရေးကိုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ယခုအမှတ်တံဆိပ်ဖြစ်သော Panda Pack (မေတ္တာအိတ်ထုပ်) စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ပထမဆုံး စတင်လုပ်ဆောင်ခဲ့ပြီး မိတ်ဆက်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ CFRD မြန်မာနိုင်ငံရုံးဟာ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုတွင် မေတ္တာအိတ်ထုပ် ၅၀၀,၀၀၀ နီးပါးကို ထောက်ပံ့လှူဒါန်းထားပြီး ကျောင်းသား/သူနှင့် မိသားစုပေါင်း ၅၀၀,၀၀၀ နီးပါးကို အကျိုးခံစားခွင့်ရရှိစေခဲ့ပါကြောင်း။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ကျောင်းသား/သူများကို Panda Pack (မေတ္တာအိတ်ထုပ်) များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက China Foundation for Rural Development (CFRD) မှ Country Director Ms.Lin Yuan အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိဿရိယက အနုမောဒနာ တရားမိန့်ကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင်များက ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်