ရန်ကုန် အောက်တိုဘာ ၂၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်းပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ရက်ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ပါတီအသစ် ၁၄ ပါတီလျှောက်ထားလာခဲ့ရာ စုစုပေါင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့်ပါတီ ၆၄ ပါတီအနက် ၃၇ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀,၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေမပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ပါကြောင်း။
ယခုကဲ့သို့ နိုင်ငံရေးပါတီများထူထောင်မှုကို စနစ်တကျဖြစ်စေရန် ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့်ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှပညာရှင်များ၏အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီတာဝန်ခံများက ပါတီဝင်အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ အတွင်းရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီတို့မှ တိုင်းဒေသကြီးအဆင့်ပါတီတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
