Skip to main content

ဒီလို ပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ အနုသုခုမပညာရပ်တွေလည်း တိမ်မြုပ်ပျောက်ကွယ်မသွားဘဲ ဆက်လက်တည်တံ့နေမယ်

အနုသုခုမပညာသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အရေးပါလှသော ကဏ္ဍကြီးတစ် ရပ်ဖြစ်သည်။ မြန်မာ့အနုသုခုမပညာသည် သမိုင်းစဉ် ခေတ်အလိုက် တိုးတက် ထွန်းကားလာသည့်နှင့်အမျှ တစ်ခေတ်ပြီးတစ်ခေတ် အပြောင်းအလဲတွင် ပျောက်ကွယ်တိမ်မြုပ်သွားကြ သည်လည်း အများအပြားရှိခဲ့သည်။ ခေတ်အသီးသီးအလိုက် ယဉ်ကျေးမှု အဆင့်အတန်းမြင့် မားခဲ့သော ရိုးရာပန်းအတတ်ပညာများ၊ အနုသုခုမပညာရပ်များ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကောပပျောက် မသွားစေရန်အတွက် မျိုးဆက်သစ် လူငယ်များတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်၍ လက်ဆင့်ကမ်းထိန်း သိမ်းကြလျက် အစဉ်တည်တံ့နိုင်အောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပခဲ့သည်မှာ (၂၄)ကြိမ်ရှိခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင်(ဗဟိုအဆင့်) သတ်မှတ်နေရာ အသီးသီး၌ ယှဉ်ပြိုင်ခဲ့သည့် ကဏ္ဍအလိုက် တာဝန်ယူရသူများ၊ အုပ်ချုပ်သူ နည်းပြများ၊ ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဒေါ်နုနုခင်

အကပြိုင်ပွဲ အကဲဖြတ်ပညာရှင်

အနုပညာကို ငယ်စဉ်ကတည်း က ဝါသနာပါခဲ့လို့ ပင်စင်ယူပြီးချိန် အထိ ဆက်လက်တာဝန်

ထမ်းဆောင် နေတာဖြစ်ပါတယ်။ ကျွန်မကဝါသနာလည်းကြီးတယ်။ လက်ဆင့်ကမ်း အမွေအဖြစ် ပေးအပ်ခဲ့တာကြောင့် တပည့် တွေထဲမှာတချို့ဆိုရင် ပါမောက္ခ တွေ၊ နည်းပြတွေဖြစ်နေပါပြီ။ အခုပြိုင်ပွဲမှာဆိုရင် အမှတ်ပေးဖို့ ခက်လောက်အောင်ကို အက ပြိုင်ပွဲဝင် ကလေးတွေရဲ့ အရည် အချင်းက တိုးတက်လာပါတယ်။ ကလေးတွေရဲ့ ကြိုးစားမှုကလည်း အံ့မခန်းပါပဲ။ ဒီကနေ့ ပြိုင်ပွဲမှာ ပူးတွဲရှိရင် ပေးပေးပါလို့တောင် အကြံပေးစာမှာရေးပေးခဲ့ပါတယ်။ တကယ်လည်း တော်လို့အဲဒီလို ပြောခြင်းဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲ ကြီးတွေ ကျင်းပပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ အနုသုခုမ ပညာ ရပ်တွေလည်း တိမ်မြုပ်ပျောက် ကွယ်မသွားဘဲ ဆက်လက် တည်တံ့နေမယ်။ ဒီနှစ်ပြိုင်ပွဲမှာ အကပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းကို တော်တော်လေးချီးကျူးပါတယ်။ အကပြိုင်ပွဲမှာ ဆိုရင် ပြိုင်ပွဲဝင် အရေအတွက်တွေတစ်စတစ်စပိုပြီး တိုးတက်လာ တာကိုလည်း တွေ့ရပါတယ်။ အရင်တုန်းကတော့ ပြိုင်ပွဲဝင်များ ပေမယ့်အရည်အချင်းပိုင်း နည်းတယ်။ အခုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်များသလို အရည်အသွေး ပိုင်းမှာ အတော်လေး ကောင်းတာကို တွေ့ရပါတယ်။

ဒေါ်ခိုင်မို့မို့

ကြီးကြပ်သူ

စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်မတို့တိုင်းဒေသကြီး အနေ နဲ့ အခု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ဘာသာရပ် ၉၃ ခုကို ပါဝင်ယှဉ်ပြိုင်လျက်ရှိပါ တယ်။ ကိုယ်တိုင်ကလည်း အနု ပညာစိတ်ဓာတ်ရှိပြီး မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို အလေးထားတာကြောင့် အခုပြိုင်ပွဲမှာ ကြီးကြပ်သူအနေနဲ့ တာဝန်ပေးတာကို ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ လိုအပ်ချက်တွေ အားလုံးကိုလည်း တတ်နိုင်သမျှ အဆင်ပြေအောင် ဆောင်ရွက် ပေးရပါတယ်။ မျိုးဆက်သစ် အနု ပညာရှင်တွေ ပေါ်ပေါက်လာ အောင် ပူးပေါင်းဆောင်ရွက်ပေး ရတာလို့ပဲ ယူဆပါတယ်။ တိုင်း ဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်တွေ အခုပြိုင်ပွဲမှာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပြိုင်ပွဲဝင်တွေနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့လည်း လေ့ကျင့်မှု တွေအချိန်ယူပြီး ပြုလုပ် ခဲ့ပါတယ်။

မောင်ဇင်ကိုခန့်

ဝါသနာရှင် ဒုတိယတန်းအဆင့်

ရုပ်သေးကြိုးဆွဲပြိုင်ပွဲဝင်

ချင်းပြည်နယ်

ရုပ်သေးကြိုးဆွဲ ပညာရပ်ကို ယဉ်ကျေးမှုတက္ကသိုလ်ကို စတက် တဲ့နှစ်ကတည်းက လေ့လာ  ဆည်းပူးခဲ့တာပါ။ ရုပ်သေးပြိုင်ပွဲမှာ အကြိုက်ဆုံးကမင်းသမီးရုပ်ပါ။ ခုန်ပျံကျော်လွှားနဲ့ စာရင်အယဉ် ပိုင်းကိုကြိုက်လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဇော်ကျတော့ ကျွမ်း ပစ်တာတွေ ရှိတယ်။ မင်းသမီးကျတော့ ထဘီနဲ့ပဝါကောက်တာ တို့ကိုကြိုက်လို့ ရွေးလိုက်တာပါ။ ရုပ်သေးနဲ့ပတ်သက်ပြီး ပြောရရင်လက်ရှိအချိန်မှာ ပျောက်ကွယ် လုနီးပါးရှိနေပြီ ဖြစ်တာကြောင့် အသက်အငယ်ပိုင်းတွေအနေနဲ့ ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့်လည်းယခု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ ရုပ်သေးပညာနဲ့ အသက်မွေးဝမ်း ကျောင်းပညာအဖြစ်လုပ်ကိုင်စား သောက်သူလည်းမရှိသလောက် ဖြစ်နေပါပြီ။ ရုပ်သေးပညာကို အတော်လေး ထိန်းသိမ်းမှ ဆက်လက်ရှိနေမယ့်အနေ ထားလို့ထင်ပါတယ်။ ကျွန်တော်တို့ ဝါသနာရှင် ဒုတိယတန်းအဆင့် ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲဝင် ၁၂ ယောက်ရှိပြီး အားလုံးက အဆင့်အတန်းမီမီနဲ့ ကြိုးစား ယှဉ်ပြိုင်ကြတာတွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာ မင်းသားရော၊ မင်းသမီးရော နှစ်ရုပ်စလုံးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကတော့ မင်းသား၊ မင်းသမီး၊ ဇော်ဂျီဆိုပြီး သုံးမျိုး ယှဉ်ပြိုင်ရပါတယ်။ ဒီနှစ်ကတော့ ဇော်ဂျီတစ်မျိုး လျော့သွားပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေ ကျင်းပပေးတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

ကိုအောင်နိုင်စိုး(ခ)ကိုပြည်ချစ်

ဝါသနာရှင်ပထမတန်း

တနင်္သာရီတိုင်းဒေသကြီး

မယ်ဒလင်ကို အသက်ခုနစ်နှစ် သားလောက်ကတည်းက တီးလာ တာပါ။ ဆုတံဆိပ်တွေကတော့ အရင်တုန်းကတည်းက ရရှိခဲ့ဖူးပါတယ်။ စုစုပေါင်း ရွှေတံဆိပ်ဆု ၃၈ ဆုရရှိခဲ့ပါပြီ။ လက်ရှိဆရာ ကတော့ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်က ဆရာဦးကျော်အေးဖြစ်ပါတယ်။ မယ်ဒလင်နဲ့ စောင်း နှစ်ခုစလုံးကို သင်ပေးတာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှာတော့ မယ်ဒလင်၊ စောင်းပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပါတယ်။ ဒါ့ပြင် မဟာဂီတအဆိုပြိုင်ပွဲ တွေမှာစောင်းနဲ့ ပံ့ပိုးပြီး တီးပေးပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင် ဖြစ်တာကတော့ နဝမအကြိမ်ကတည်းကပါ။ တက္ကသိုလ်ဝင် တန်းတက်တုန်းကပဲ နားပြီးတော့ ပြိုင်ပွဲတိုင်းနီးပါး ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပါတယ်။ လက်ရှိ လည်း ရန်ကုန်အနုပညာကျောင်းမှာ စောင်းနည်းပြအဖြစ် တာဝန်ယူနေပါတယ်။ ကြိုးတပ်တူရိယာ တွေဖြစ်တဲ့ စောင်း၊ မယ်ဒလင်၊ ဂစ်တာ၊ တယော စတဲ့ပြိုင်ပွဲတွေ မှာ နည်းပြအနေနဲ့ သင်ကြားပေး နေပါတယ်။ မဟာဂီတကတော့ ဒီပြိုင်ပွဲမှာ တီးရ၊ ဆိုရတာများ တယ်။ ဒီပြိုင်ပွဲ ပေါ်လာခြင်းက မဟာဂီတသီချင်းကို ထိန်းသိမ်းရာ ရောက်တယ်။ ဖော်ထုတ်ရာရောက် တယ်လို့ ထင်ပါတယ်။ ကလေး ငယ်တွေကို မဟာဂီတကို စိတ်ဝင် စားလာအောင် လုပ်နိုင်တဲ့အတွက် လည်း ဂုဏ်ယူစရာကောင်းပါ တယ်။ မြန်မာ့ရိုးရာအမွေအနှစ် တွေ ဖြစ်တဲ့အတွက် နှစ်စဉ်နှစ် တိုင်း ကျင်းပပေးဖို့ လိုအပ်ပါတယ်။ မျိုးဆက်သစ်တွေ မဟာဂီတ အပေါ် စိတ်ဝင်စားလာတာလည်း အားရစရာ ကောင်းပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ အကျိုးရလဒ်တစ်ခု လို့လည်း ပြောလိုပါတယ်။ တချို့ကလေးတွေဆိုရင် စကားမပီပေ မယ့် မဟာဂီတကို လာပြိုင်ကြ တယ် ဆိုတာကကိုပဲ စိတ်ဝင်စား စရာတစ်ခုလို့ ပြောလိုပါတယ်။

မသင်ဇာအောင်

ဝါသနာရှင်ဒုတိယတန်း

အကပြိုင်ပွဲဝင်

ပဲခူးတိုင်းဒေသကြီး

အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တာ ၁၅ နှစ်လောက် ရှိပါပြီ။ တိုင်းဒေသကြီးအဆင့် မှာတော့ ဆုတွေရရှိခဲ့ဖူးပါတယ်။ အခုလို ဗဟိုအဆင့်ပြိုင်ပွဲတွေ မှာတော့ ဆုမရဖူးသေးပါဘူး။ အခုဗဟိုအဆင့် ပြိုင်ပွဲမှာ အကောင်းဆုံးရလဒ်ရဖို့ မျှော်မှန်း ထားပါတယ်။ ပြိုင်ပွဲမှာ ဝင်ပြိုင် နိုင်ဖို့ တစ်လကျော်ကျော်လောက် ကို နေ့ရောညပါလေ့ကျင့်ခဲ့ရ ပါတယ်။ အကပညာကို ဝါသနာပါ သလို အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ရတာကို နှစ်သက်တာက အပြင်မှာ အငြိမ့်ကတာတွေထက် ပိုပြီးစနစ် ကျတဲ့အတွက် ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးလို့ အတွေ့အကြုံတွေ အများကြီးရတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ယနေ့ မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်သည့် အားလျော်စွာ တိုင်းတစ်ပါး ယဉ်ကျေးမှုနှင့် ဖျော်ဖြေမှုပုံစံ အမျိုးမျိုးတို့သည် မြန်မာ့ ယဉ်ကျေးမှု နယ်ပယ်အတွင်း စိမ့်ဝင်လျက်ရှိနေသည်ကို တွေ့ရပေသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသူများ သည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး ထိန်းသိမ်းကြမည့် ဂုဏ်ပြုထိုက်ဖွယ် မျိုးဆက်သစ်အနုပညာရှင်များ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

တွေ့ဆုံမေးမြန်း - အလင်းသစ်၊ နေမျိုး

ဓာတ်ပုံ - ကိုကိုနေ