နေပြည်တော် အောက်တိုဘာ ၂၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy- DA) (ဒုတိယပိုင်း)သင်တန်း အမှတ် စဉ်(၄၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်း ဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက စာရင်းပညာသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုသည့် အရေးပါသောပညာရပ် တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုသင်တန်းသည် စာရင်းပညာရပ်ဆိုင်ရာ အခြေခံကောင်းများရရှိစေပြီး စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းစာမေးပွဲတွင် ရလဒ်ကောင်းများရရှိစေရေးကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် အရည်အချင်းပြည့်ဝသော စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များဖြစ်စေရေး ဆက်လက်လေ့လာ ဆည်းပူးသွားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၂ ရက်မှစ၍ ၁၀ လကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး လာမည့်နိုဝင်ဘာ လတွင် အရည်အချင်းစစ်စာမေးပွဲ ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
