ပြည်မြို့ပေါ်ရှိဈေးများသို့ အာတာလွတ်ဥ(ခေါ်) ဝါးဥများ စက်တင်ဘာလ နောက်ဆုံးပတ်မှ စပြီးဝင်ရောက်မှုရှိလာကာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောဝါးလည် ကျေးရွာတွင် အဓိကစိုက်ပျိုးထွက်ရှိပြီး ဈေးကွက်သို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရပါသည်။ အာတာလွတ်ဥ (ခေါ်) ဝါးဥကို အချို့အရပ်ဒေသများတွင် ကလားဝါးဥဟု ခေါ်ဆိုကြောင်း သိရပါပြီး အရသာမှာ စိမ့်စိမ့်လေးနှင့် ဆီ၊ ဆား၊ နှမ်းတို့ဖြင့် သုပ်ကာစားကြပြီး ဝါးဥကို မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်း သိရပါသည်။ သတ်သတ်လွတ်သမားများ ပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲသရေစာအဖြစ် စားသောက်ကြပါသည်။
အာတာလွတ်ဥတွင် ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်သည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်သည့်အတွက် အစာချေစနစ် ကောင်းမွန်ခြင်း၊ အရိုးကိုသန်မာစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစသည့် ကျန်းမာရေး အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ကြောင်း သိရပါသည်။
ပြည်ဈေးကွက်ရှိ မြို့ပေါ်ဈေးများတွင် တောင်သူတိုက်ရိုက်ရောင်းချဈေး တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀ ခန့်ရှိပြီး လက်လီဝယ်ရောင်းသမားများထံတွင် တစ်ပိဿာကျပ် ၄၀၀၀ ခန့်ရှိကာ ၂၅ ကျပ်သားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် စားသုံးသူများမှ မုန့်ပဲသရေစာအဖြစ် ပိုမိုဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)