Skip to main content

ပြည်ဒေသထုတ်ကုန်များဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အနေဖြင့် ဒေသထုတ်ကုန် အစားအစာများစွာရှိသည့်အနက် ပြည်ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲသည် လူသိများ၍ အကြိုက်များသော အစားအစာဖြစ်ပါသည်။ ပြည်ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲကို ဒေသတွင်းစားသုံးသူများက ဝယ်ယူစားသုံးခြင်းဖြင့် သာမကဘဲ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဒေသထုတ်ကုန် အရောင်းပြခန်းများကို ဖွင့်လှစ်၍ ရောင်းချစေခဲ့ပါသည်။ ထိုသို့ ဒေသထုတ်ကုန်အစားအစာများအား ရောင်းချခြင်းကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ဈေးကွက်ပိုမိုရရှိစေရန်၊ စီးပွားရေး လုပ်ငန်းရှင်များအား အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းမှား ပိုမိုတွင်ကျယ်လာစေခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာစေခြင်း၊ ဒေသထုတ်ကုန်အပေါ်အခြေခံ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသအတွင်း စားရေးရိက္ခာဖူလှုံစေခြင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စသည့်တို့ကိုရည်ရွယ်၍ ဒေသထုတ်ကုန် အရောင်းပြခန်းများဖွင့်လှစ် ရောင်းချစေခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် လူသိများပြီး တစ်နိုင်ငံလုံးသာမက တစ်ဆင့်မြှင့်ထုတ်ကုန်အဖြစ် ထပ်မံဖြည့်ဆည်း၍ ထုတ်လုပ်လာနိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မှာဘဲဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များအား အရင်းအနှီးများပြားစွာရရှိနိုင်လျှင် လုပ်ငန်းများ ပိုမိုတိုးချဲ့ ထုတ်လုပ်လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံစီးပွားရန်ပုံငွေမှ ချေးငွေများထုတ်ချေးလျက်ရှိရာ ပြည်ခရိုင်အနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂၆) ဦးတို့အား ချေးငွေများထုတ်ချေးထားပြီးဖြစ်ပါသည်။ ထိုချေးငွေများအပေါ် အသုံးချမှု၊ အကျိုးအမြတ်ရရှိမှုနှင့် အားနည်းချက်၊ အားသာချက်များကိုလည်းအပေါ် လုပ်ငန်းအတွက်တိုးတက်မှုရှိပြီးတိုးချဲ့၍ ထုတ်လုပ်နိုင်ပြီး အမြတ်အစွန်း များစွာရရှိစေရန်ဖြစ်ပါသည်။ ထို့မှသာနိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား  MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။

ပြည်ဒေသထုတ်ကုန် အစားအစာများထဲမှ မစန်းလေး ပြည်ထမင်းသုပ်ကိုလူသိများပြီး ဒေသတွင်း စားသုံးသူများသလို ထုပ်ပိုးမှုအဆင့်မြင့်စွာဖြင့် တာရှည်အထားခံနိုင်မည်ဆိုလျှင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှာဖြစ်ပါသည်။ ထမင်းသုပ်တစ်ထုပ်လျှင် တစ်ခါစား အထုပ်ကလေးများပါဝင်ပြီး ပဲမှုန့်၊ ဆီချက်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ကြော် စသည့်အထုပ်ကလေး များစွာပါရှိပါသည်။ ထိုပစ္စည်းများထဲတွင် ကြက်သွန်ကြော်တစ်ခုသာ ကြာရှည်အထားမခံသဖြင့် ကြာရှည်အထားခံနိုင်စေရန် ပြုလုပ်လာနိုင်မည်ဆိုပါက ပြည်တွင်းသာမက နိုင်ငံခြားသို့ပါ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချသော မစန်းလေး ထမင်းသုပ်မှာ တစ်ခါစား အထုပ်လေး (၃) ထုပ်ပါ တစ်ဘူးလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ထို့အတူ နောက်ထပ်ထုတ်ကုန်တစ်မျိုးဖြစ်သော ပြည်ကော်ရည်ခေါက်ဆွဲကိုလည်း အသင့်စားအထုတ်များထုတ်၍ ရောင်းချလျက်ရှိပါသည်။ ထိုအသင့်စား အထုတ်တစ်ထုတ်လျှင် လူ ၅ ယောက် စားနိုင်ပြီး ၄၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ထိုကော်ရည်လုပ်ငန်းသည် ပြည်လက်ဆောင်အဖြစ် ဝယ်ယူ စားသုံးနိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်ထားသည်ဟုသိရပါသည်။ ပြည်ဒေသထုတ်ကုန်ဖြစ်သော ကော်ရည်ခေါက်ဆွဲကိုလည်း လူအကြိုက်များပြီး အခြားမြို့များသို့ တင်ပို့ပြီးရောင်းချနိုင်လျှင် လုပ်ငန်းရှင်အတွက် အကျိုးအမြတ်များနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ပြည်ခရိုင်အတွင်းရှိ နောက်ထပ်ဒေသထုတ်ကုန်များ များပြားစွာထုတ်လုပ် လာနိုင်မည်ဆိုပါက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာဖြစ်ပါသည်။

DOCA(ပဲခူး)