တောင်ငူမြို့တွင် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးသူများရှိပါသည်။ အိမ်၌နေရင်း အိမ်တွင်းစီးပွားအဖြစ်လည်း ခြံထဲတွင်စိုက်ပျိုးကြပါသည်။ မှိုစိုက်ပျိုးရာတွင် ဘောင်လုပ်၍ စိုက်ပျိုးရပါသည်။ ဘောင်တစ်ဘောင်လျှင် မှိုထုပ် ၅ ထုပ် စိုက်ပျိုးရပါသည်။
မှိုမစိုက်ပျိုးမီ ဗေဒါကိုစင်း၍ တစ်လက်မ၊ နှစ်လက်မခန့်ခင်းရပါသည်။ ထို့နောက် ကတ်ထူစက္ကူကို ရေနူးအောင်ဆွတ်ပြီး ဗေဒါပေါ်တွင်ခင်းရပါသည်။ မှိုမျိုးထုပ်ထဲရှိ မှိုများကိုမွ၍ ကတ်ထူစက္ကူပေါ်တွင် စိုက်ရပါသည်။ ဘောင်၏ ဘေးနှုတ်ခမ်းကို လေးလက်မခန့်ခွာ၍ စိုက်ရပါသည်။
ထိုမှိုပေါ်တွင် စင်းထားသော ဗေဒါကိုထပ်ဖြူး၍ နွားချေးကိုအရည်ဖျော်ပြီး ကျဲကျဲလောင်းပေး ရပါသည်။ ထိုသို့လောင်းပြီးနောက် မှိုအားဆေးတစ်ခါ ဖျန်းပေးရပါသည်။ အားဆေးဖျန်းပြီးလျှင် လေသလပ်လို့မရသောကြောင့် ပလတ်စတစ်အကြည် အုပ်ပေးရပါသည်။ စိုက်ပြီး ၅ ရက်အကြာတွင် မှိုများစထွက်ပါသည်။
မှိုစထွက်ပြီး ၉ ရက်၊ ၁၀ ရက်ခန့်ကြာလျှင် နုတ်ကာ ဈေးများသို့ပို့၍ ရောင်းချနိုင်ပါသည်။ တစ်ဘောင်လျှင် မှို ၁၀ ပိဿာခန့်ထွက်ရှိပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မှိုရောင်းချသူများ က မှိုစိုက်တောင်သူများထံမှ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး ၁၂၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
