နေပြည်တော် အောက်တိုဘာ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ ညနေ ၅ နာရီခွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုရှားနိုင်ငံရှိတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် မြန်မာနိုင်ငံမှ တက္ကသိုလ်များအချင်းချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ သုတေသနလုပ်ငန်းများ၊ နျူးကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ-ရုရှားသိပ္ပံနှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ပညာသင်စေလွှတ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
