နေပြည်တော် အောက်တိုဘာ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်မှ သံဃာတော် ၃၁ ပါးနှင့် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်မှ သံဃာတော် ၃၄ ပါး စုစုပေါင်း သံဃာတော် ၆၅ ပါးတို့အား ဥတ္တရသီရိမြို့နယ် ခုတင် - ၅၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်အဖွဲ့မှ အသည်းရောင်အသားဝါရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး သံဃာတော်များအား ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းလျှောက်ထားခဲ့ကြသည်။
ထို့အတူ နေပြည်တော် ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့တို့ရှိ စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာတော်နှင့် သီလရှင်များကိုလည်း Mobile Team အဖွဲ့များက အသည်းရောင်အသားဝါရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅၊ ၂၆ ရက်တို့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာ၂၅၊ ၂၆ ရက်တို့တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တို့တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုံးကြိမ်အပြည့် အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
