နေပြည်တော် အောက်တိုဘာ ၂၆
မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဆန်းသစ်တီထွင်မှုစီမံကိန်း အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဦးစွာဒုတိယဝန်ကြီးက နိုင်ငံတော်မှချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်ကို လက်တွေ့ကျကျ အထောက်အပံ့ပြုပေးနိုင်မည့် သုတေသနစီမံကိန်းများကိုသာ အဓိကရှေးရှု ဆောင်ရွက်ရန်၊ ယနေ့ဆွေးနွေးပွဲတွင် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ(MKCF)ဆိုင်ရာ ဦးစားပေးကဏ္ဍများဖြစ်သည့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင်၊ သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများဟူသည့် ကဏ္ဍခုနစ်ခုနှင့် စပ်လျဉ်းပြီး ဒေသတွင်းဖွံ့ဖြိုးရေးအတွက် သတ်မှတ်မူဝါဒများနှင့်အညီ ပန်းတိုင်များ ချမှတ်၍ စီမံကိန်းများ ဖော်ထုတ်သတ်မှတ်ရန်၊ အစီအစဉ်များရေးဆွဲရန်တို့အတွက် အားလုံးအကြံပြု ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် ရေရှည်အကျိုးပြုမည့် သုတေသနစီမံကိန်းများ အောင်မြင်စေရေးအတွက် ဌာနများနှင့်အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီဖြင့် ဦးလည်မသုန် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ချက်ခိုင်မာစေရေးမှသည် မဲခေါင်ဒေသတွင်း၌ ဖွံ့ဖြိုးတိုးတက်ရေးအထိ ရရှိလာသည့် သုတေသနရလဒ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စီမံကိန်းများဆောင်ရွက်ရင်း မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် အပြန်အလှန်ဖလှယ်ရေး အကျိုးကျေးဇူးများပါရရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနနှင့် အခြားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနပညာရှင်များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
