Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာသင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာသင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် လက်ရှိပညာရေးအရည်အသွေးထက် မနိမ့်ကျစေဘဲ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ကျရာနေရာ အသီးသီးတွင် စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ်များတွင် ကိုယ့်ဌာန၊ ကိုယ့်ဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်သိစွာ ကြိုးစားဆောင်ရွက်လျက်ရှိကြသည့် ဆရာ ဆရာမများကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တက္ကသိုလ်များ၌ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါ့ပေါ့လျော့လျာ့ တာဝန်ကျေလုပ်ဆောင်ခြင်းမဟုတ်ဘဲ လေးလေးစားစား တန်ဖိုးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် လုပ်ဖော်ကိုင်ဖက်များအပေါ် နွေးနွေးထွေးထွေးဖြင့် လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအား ပညာတတ်အောင် သင်ကြားရုံသာမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိလာအောင်၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်လာအောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ မိမိတို့ဦးစီးဌာနများ၏ ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လျှို့ဝှက်ရုံးကိစ္စရပ်များကို တိတိကျကျလိုက်နာရန်နှင့် ဥပဒေကို လေးစားလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံး အမျိုးသားရေးအသွင်ဖြင့် စာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်တွဲပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ကျောင်းသား ကျောင်းသူများကိုလည်း စာတတ်မြောက်ရေးလှုပ်ရှားမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေးကို နှိုးဆော်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြောင်းလဲလိုက်သည့် စနစ်သစ်ပညာရေးနှင့် ချိတ်ဆက်မည့် တက္ကသိုလ်ပညာရေးတွင် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ သင်ကြားသင့်သည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းက ဘာသာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ခံပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခြင်းကို ဦးဆောင်ရသူများဖြစ်၍ ဂုဏ်ယူရမည်ဖြစ်သကဲ့သို့ တာဝန်လည်းကြီးမားပါကြောင်း၊ ကျောင်းသားများအား 21st Century Skills များရအောင် လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

သတင်းစဉ်