နေပြည်တော် အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ပြုလုပ်ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သစအဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏ ပဝရ သီရိမဟာ ဓမ္မာဂုရု လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှရတနာဆရာတော်ထံမှ ပဋ္ဌာန်းတရားရွတ်ပွား စိတ်ထားနည်းနှင့် အကျိုးတရားများနာကြားပြီး မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်ကို စုပေါင်းရွတ်ဆိုပူဇော်ကာ အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်များက မဟာပဋ္ဌာန်းပါဠိတော်ကို ရွတ်ဖတ်ပူဇော်ကြ ကြောင်း သိရသည်။
သတင်းစဉ်
