နေပြည်တော် အောက်တိုဘာ ၂၄
အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှုအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ် (ရွှေမြို့) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၅ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လာရောက်ကြည့်ရှု လေ့လာကြသည်။
ဦးစွာ ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် လေ့လာရေးအဖွဲ့များအား MRTV မှ ဝန်ထမ်းများက ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့သည် MRTV News Channel Studio တွင် သတင်းရိုက်ကူးနေမှုများကို ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရာ၌ အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ဖြည့်စွက်မှုများအပေါ် စိစစ်၍ ဆုချီးမြှင့် ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် လေ့လာရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းကို လာရောက်လေ့လာကြရာ သတင်းစာများ၏ သမိုင်းကြောင်းနှင့် သတင်းစာထုတ်လုပ် ဖြန့်ချိဆောင်ရွက်မှုများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပြီး သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ နေ့စဉ်ရိုက်နှိပ်ထုတ်ဝေလျက်ရှိသော ပုံနှိပ်စက်ခန်းနှင့် ကြေးမုံသတင်းစာတိုက် သတင်းခန်း(ဝဲပုံ)တို့တွင် ကြည့်ရှုလေ့လာကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ပုံနှိပ်ရေးနှင့် ထတ်ဝေရေးဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံကို လာရောက်ကြည့်ရှုလေ့လာကြရာ စက်ရုံ၏ သမိုင်းအကျဉ်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ် ထုတ်ဝေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှု လေ့လာကြသည်။
ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှု ရက်သတ္တပတ်အဖြစ် နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်ကို UNESCO (ယူနက်စကို)က ဦးဆောင်သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သတင်းစဉ်
