နေပြည်တော် အောက်တိုဘာ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အောက်တိုဘာ ၂၂ ရက်တွင် ဝါးခယ်မမြို့နယ် ရွှေလောင်းကျွန်းပတ်တာအတွင်းရှိ ထော်ကနွတ် ရေထိန်းတံခါးကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်း၊ ရေထုတ် ပုံမှန်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးများ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်နှင့် နွေစပါးရေရရှိရေးအတွက် ရေသိုလှောင်ပေးသွင်းနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် မယ်တလိုင်းကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ်တောင်သူများ၏ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းကို ကြည့်ရှုအားပေးသည်။ ထို့နောက် မအူပင်မြို့နယ် ရေလဲ-သဲဖြူ-အောင်ဘုံ ရေနုတ်မြောင်း ပြန်လည်တူးဖော်ပြီးစီးမှုနှင့် ငါးကြီးဂရက်ကျေးရွာ အုပ်စုတောင်သူများ၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန တလုပ်လှငါးလုပ်ငန်းစခန်း၏ ငါးသားပေါက် ထုတ်လုပ်ခြင်း၊ မျိုးစိုက်ထည့်ခြင်း၊ ငါးမွေးမြူရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းနှင့် သုတေသန လုပ်ငန်းများ၊ ငါးသားဖောက်များ ဖြန့်ဖြူးခြင်း၊ ဒေသငါးမျိုးစိတ်ဖြစ်သည့် ငါးမြင်းမျိုးစိတ် ငါးသား ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် စီမံထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား ငါးသားပေါက်နှင့် နည်းပညာများ ကူညီပံ့ပိုးပေးရန် ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် ထနီးကျေးရွာရှိ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိသော တောင်သူဦးသိန်းဦး၏ ငါးမွေးကန်သို့ ရောက်ရှိပြီး ငါးအစာကို ဒေသ၌ အလယ်တကူရရှိနိုင် သည့် အာလူးနှင့် ကန်စွန်းဥများ ထည့်သွင်းကျွေးမွေးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် မအူပင်မြို့နယ် ထနီးရေတံခါး ရေထုတ်နုတ်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရေကြီးနစ်မြုပ်မှုလျော့ကျစေရေးနှင့် နွေစပါး အောင်ရေလုံလောက်စွာ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ စူးစမ်းလေ့လာရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဒီဇိုင်းနှင့် ပုံထုတ်လုပ်ငန်းဌာနခွဲများမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ထောက်ကြန့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃၅) စက်မှု လယ်ယာစခန်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထွန်စက်နှင့် မောင်းနှင်နိုင်သည့် ရွေ့လျားစပါး အခြောက်ခံစက်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
