Skip to main content

နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေကို တန်ဖိုးထားထိန်းသိမ်းပေးကြပါ

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းနိုင်ရန်အတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များ၏ အရည်အသွေးကို အကဲဖြတ် ဖော်ထုတ်ပေးကြမည့် ဒိုင်အဖွဲ့ဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ပါသည်-

ဦးညွန့်ဝင်း (ညွှန်ကြားရေးမှူးချုပ်၊အနုပညာဦးစီးဌာန)

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရည်ရွယ်ချက် လေးရပ်နဲ့အညီ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၁၉၉၃ ခုနှစ်ကနေ နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ (၂၂) ကြိမ်မြောက် နောက်ဆုံးကျင်းပခဲ့ပြီး အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၂ ခုနှစ်မှာ (၂၃) ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ (၂၄) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဖြစ်မြောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ အများကြီးဆောင်ရွက်ခဲ့ရပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုတည်းနဲ့တင် မရပါဘူး။ နိုင်ငံတော်ရဲ့ ဦးဆောင်မှုနဲ့ ဝန်ကြီးဌာနတွေ စုပေါင်းပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေကို ဆပ်ကော်မတီ အလိုက် တာဝန်တွေ ခွဲဝေထားပါတယ်။

ကျွန်တော်က သတ္တမအကြိမ်ကစပြီး ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီရဲ့ တွဲဖက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပခြင်းရဲ့ အကျိုးရလဒ်တွေကတော့ အများကြီးပါပဲ။ အဓိကကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရွက်ပုန်းသီး အနုပညာရှင်တွေရှိပါတယ်။ သူတို့တွေကို ဒီပွဲမှာ ဖော်ထုတ်လို့ရတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပြီး ‌ဖော်ထုတ်ပေးတဲ့အတွက် လူငယ်တွေက မဟာဂီတကို တော်တော် စိတ်ဝင်စားလာကြတယ်။ မဟာဂီတက ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအစစ်ဖြစ်ပါတယ်။ မဟာဂီတသီချင်းတွေအပြင် အက အနုပညာတွေကိုလည်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဂီတပညာရှင်၊ အနုပညာရှင်၊ သဘင်ပညာရှင်တွေက အသက်ကြီးသွားပြီဖြစ်တဲ့အတွက် မျိုးဆက်သစ်တွေကို လက်တွေ့ကျကျ လက်ဆင့်ကမ်းနိုင်တယ်။ ဒါကြောင့် ဒီလို ပြိုင်ပွဲကျင်းပပေးတာဟာ အကျိုးကျေးဇူးတွေ အများကြီးရရှိပါတယ်။

ဒေါ်နွဲ့နွဲ့စန်း(အကဲဖြတ်ပညာရှင်)

ကျွန်မက နှစ်တိုင်း အကဒိုင် တာဝန်ယူထားပါတယ်။ အကမှာဆိုရင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း၊ အသက် ၁၅ နှစ်မှ နှစ် ၂၀ အတွင်း၊ ဝါသနာရှင် ပထမတန်း၊ ဝါသနာရှင် ဒုတိယတန်းဆိုပြီး ရှိပါတယ်။ အကရဲ့ စည်းမျဉ်းစည်းကမ်းမှာ အဝတ်အစားဆိုရင် သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်မြဲမြဲရှိရမယ်။ တီးလုံးတီးကွက်နဲ့ ကကြိုးနဲ့ လိုက်ဖက်အောင် ကနိုင်ရမယ်။ မျက်နှာအမူအရာလည်း ပါပါတယ်။ မိန်းမဆိုရင် မိန်းမအကဖြစ်ရမယ်။ ယောက်ျားဆိုရင် ယောက်ျားအကဖြစ်ရမယ်။ ကျွန်မတို့က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်တိုင်းမျှော်ပါတယ်။ ရလဒ်တွေလည်း အများကြီးရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဒိုင်တွေနဲ့ဆိုရင် ဆွေမျိုးတွေလိုကို ဖြစ်နေကြပါပြီ။ တိုင်းရင်းသားအချင်းချင်း ရင်းနှီးပြီး ချစ်သွားကြတဲ့ရလဒ်က တန်ဖိုးတော်တော်ကြီးပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားပေးပါ။ အလေးထားပေးပါ။ ထိန်းသိမ်းပေးပါလို့ ပြောချင်ပါတယ်။

ဦးဇော်ဌေး(အကဲဖြတ်ပညာရှင်)

ကျွန်တော်ကတော့ ဇာတ်သဘင် ဘာသာရပ်ဇာတ်တော်ကြီး အကဲဖြတ် အဖွဲ့ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဇာတ်တော်ကြီးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ (၂၃)ကြိမ်မြောက်‌တုန်းက “ရာမာယဏဇာတ်တော်ကြီးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ငါးဖွဲ့ပဲ ရှိခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် ခုနစ်ဖွဲ့အထိ ရှိလာတဲ့အတွက် တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့က ၁၈၈၅ ခုနှစ်မှာ လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ပေမယ့် ယဉ်ကျေးမှုမဆုံးရှုံးခဲ့ပါဘူး။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ လူငယ်တွေရဲ့ ရင်ထဲ၊ နှလုံးသားထဲ၊ မျက်စိထဲ၊ နားထဲမှာ စွဲမြဲနေစေဖို့အတွက် အခုလို ပြိုင်ပွဲကျင်းပ ပေးနေရမှာ ဖြစ်ပါတယ်။ လုပ်ပေးသင့် လုပ်ပေးထိုက်တဲ့ ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း နိုင်တဲ့ဘက်ကနေ ဝင်ရောက်ထမ်းဆောင်ပေးနေပါတယ်။ မျိုးဆက်သစ်လူငယ်လေးတွေ ပေါ်ထွန်း စေဖို့အတွက် အများကြီးမျှော်လင့်ပါတယ်။ အခုဆို (၂၄) ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ အဲဒီအတွင်းမှာ ပေါ်ထွက်လာတဲ့ မျိုးဆက်သစ်လူငယ်တွေ အများကြီးရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

ဒေါ်ထား(အကဲဖြတ်ပညာရှင်)

ကျွန်မက ခေတ်ဟောင်းကာလပေါ်မှာ အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ခေတ်ဟောင်းကာလပေါ် အဆိုရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ပင်ကိုအသံကောင်းရမယ်။ မူရင်းကို တူအောင်ဆိုရမယ်။ စည်းဝါးပိုင်နိုင်ရမယ်။ သီချင်းရဲ့ရသကို ပေါ်လွင်အောင် ဆိုနိုင်တယ်ဆိုရင် အမှတ်ရပါတယ်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကိုဗစ်-၁၉ ရောဂါကြောင့် နားထားရတဲ့ အချိန်ကဆိုရင် အားလုံးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲဒီလို ရပ်နားထားရာကနေ ၂၀၂၂ ခုနှစ်မှာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အစဉ်အလာမပျက် ပြန်လည်ကျင်းပပေးခဲ့တာ အခုဆို (၂၄)ကြိမ်မြောက် ရောက်ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး ပြန်လည်ကျင်းပတဲ့အတွက် အားလုံးဝမ်းသာရပါတယ်။

ဦးအောင်ကိန်း(အကဲဖြတ်ပညာရှင်)

ကျွန်တော်က အတီးဒိုင်ချုပ်ဥက္ကဋ္ဌဖြစ်တဲ့အတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် သီချင်းတွေသတ်မှတ်နိုင်ဖို့ ဒိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ အရည်အချင်းရှိတဲ့ ဒိုင်တွေကိုလည်း ရွေးချယ်ပေးရပါတယ်။ ပြိုင်ပွဲတွေနဲ့ပတ်သက်တဲ့ အမှတ်ပေး စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဆောင်ရွက်ပေးရပါတယ်။ အတီးပြိုင်ပွဲမှာတော့ တစ်ဦးချင်းပြိုင်ပွဲ ၁၀ မျိုးနဲ့ အဖွဲ့လိုက်ပြိုင်ပွဲ သုံးမျိုးဆိုပြီး ရှိပါတယ်။ ဒီပြိုင်ပွဲကြီးရှိနေလို့သာ မြန်မာ့ရိုးရာယဉ်ကျေးမှု မပျောက်ပျက်တာလို့ ပြောလို့ရပါတယ်။ မဟာဂီတဆိုရင် ပျောက်လုနီးပါးဖြစ်နေပါပြီ။ မဟာဂီတက လူငယ်တွေကြားထဲမှာ ကွာဟနေပြီဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေရှိနေတဲ့အတွက် လူငယ်တွေက မဟာဂီတတေးသီချင်းတွေ ရှိတယ်ဆိုတာကို သိကြတာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့သူတွေလည်း ပေါ်ထွန်းလာတဲ့အတွက် ဝမ်းသာကြရပါတယ်။     ။

တွေ့ဆုံမေးမြန်း

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ဟိန်းမင်းစိုး