နေပြည်တော် အောက်တိုဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ နှစ်နိုင်ငံအလွတ်သဘောတွေ့ဆုံ၍ ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်မည့် ကဏ္ဍများအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ၂၀ ရက် နံနက်ပိုင်းတွင် International Conference on the Development of the Construction Industry ဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့်အိုးအိမ်ဝန်ကြီးဌာနဝန်ကြီးနှင့် နိုင်ငံတကာမှ ဖိတ်ကြားထားသော ဆောက်လုပ်ရေးဆိုင်ရာ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာနဝန်ကြီးနှင့် အလွတ်သဘောသီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွေ့အကြုံများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် တတိယအကြိမ် World Construction Championship ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့်အိုးအိမ်ဝန်ကြီးဌာနဝန်ကြီးနှင့် နိုင်ငံတကာမှ ဖိတ်ကြားထားသော ဆောက်လုပ်ရေးကဏ္ဍမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
